နေပြည်တော် ၂၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မင်းရွာကျေးရွာနေ ကိုသင်းသည် ယနေ့ နံနက် ၆ နာရီ အိပ်ယာမှနိုးစဉ် နေအိမ်အိပ်ခန်းအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် (၆)ကျပ်သားခန့်၊ VIVO အမျိုးအစားဖုန်းတစ်လုံး၊ အမျိုးသမီးဝတ်လုံချည် (၁၀)ထည် စုစုပေါင်း တန်ဖိုးငွေကျပ် (၅၆)သိန်းကျော်ခန့် ထည့်ထားသည့် သေတ္တာတစ်လုံး ပျောက်ဆုံးသွားသဖြင့် ညနေ ၃ နာရီ ၁၅ မိနစ်တွင် အရေးယူပေးရန် တိုင်တန်းချက်အရ အရာတော်မြို့မရဲစခန်း (ပ)၄၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲလွင်နှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းနေစဉ် မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ချင်းတွင်းရတနာစျေးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် မသင်္ကာဖွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ရွှေထည်ပစ္စည်းများ လာရောက်ရောင်းချနေကြောင်း သိရှိရ၍ အရာတော်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်စိုးနိုင်နှင့် မုံရွာမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ထွန်းနိုင်ဦးတို့ဦးစီးသည့် တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ရာ မင်းရွာကျေးရွာနေ နိုင်ဖြိုးနှင့် ကံရင်းကျေးရွာနေ မမိုးအိနိုင်တို့အား ပျောက်ဆုံးသွားသည့် သက်သေခံရွှေထည် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN