အရာတော်   ၁    ဩဂုတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ဦးဆောင်၍ ကိုဗစ်-၁၉ စီးပွား ရေးကုစားမှု(CERP) အစီအစဉ်ဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးထုတ်လုပ်သူများ အား မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းအဆင့်ဆင့် နည်းပညာပေးသင်တန်းကို ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းက ပြည်သူ့ဝန်ဆောင်မှုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွှန့်ဝေက အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်တင်တင်စိန်က မြို့နယ်အတွင်း မိုးစပါးစီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် ဧက (၂၂၀)၊ တောင်သူ (၆၇) ဦး၊ ကျေးရွာအုပ်စု (၁၀) အုပ်စုတွင် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

သင်တန်းတွင် ရေဦးမြို့  မျိုးသန့်ခြံမန်နေဂျာ ဦးတင်မောင်ဝင်းက မျိုးစေ့ထုတ်နည်းပညာများကို လည်းကောင်း၊ တိုင်းဒေသကြီး မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသန့်၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်စန်းစန်းမြင့်၊ တိုင်းဒေသကြီး မြေအသုံးချတာဝန်ခံ ဒေါ်စန်းစန်းမြင့် တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းမှ မျိုးစေ့ထုတ် SGA နှင့် အကျိူးဆောင်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)