နေပြည်တော်  ၄  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် အရာတော်မြို့နယ် တောင်ရိုးကျေးရွာ တောင်သူဦးနိုင်ထူး၏ လျှော်ဖြူနှင့် သနပ်ခါးစိုက်ခင်းများ ကိုလည်းကောင်း၊ သစ်ကျင်းကြီးကျေးရွာ  တောင်သူဦးဖိုးချွန်၏ ရွှေတောင် (၈) ချည်မျှင်ရှည်ဝါနှင့် ပဲစဉ်းငုံ သီးညှပ်စိုက်ခင်းများကို လည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး နှစ်ရှည်သီးနှံစိုက်ခင်းများကြားတွင် ရာသီသီးနှံများ ရောနှောစိုက်ပျိုးကြရန်၊ ချည်မျှင်ရှည်ဝါစိုက်ခင်းများမှ အရည်အသွေးကောင်းမွန်သော ဝါပေါက်များ ကောက်သိမ်း ရရှိရေးအတွက် ဝါကောက်သိမ်းချိန်တွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်ရန်နှင့် ဝါကောက် သိမ်းရာတွင် အလေအလွင့်မရှိစေရေး စနစ်တကျ ကောက်သိမ်းရန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အရာတော်မြို့နယ် ရွှေတွင်းကုန်းကျေးရွာနှင့် တပ်ရွာကျေးရွာမှ စပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ စပါးခင်းများ အောင်ရေယူရာတွင် ရေအလေအလွင့်မရှိစေရေး ရေသုံးစွဲသူအဖွဲ့ (Water User Group-WUG) များ ညှိနှိုင်း၍ ရယူကြရန်၊ စပါးစိုက်ရာတွင် ရေချွေတာသုံးစွဲနိုင်သည့် SRI စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရန်နှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲရန် ဆွေးနွေးသည်။

ယင်းနောက် အရာတော်မြို့နယ် တောင်ရိုးကျေးရွာတွင် လက်ယက်ကန်းလုပ်ငန်းအား တပိုင်တနိုင် အိမ်တွင်းမှုလုပ်ငန်း အဖြစ် လုပ်ကိုင်ဆောင်ရွက်ပြီး ထွက်ရှိလာသည့် ယက္ကန်းချည်ထည်များအား ပြည်တွင်းစျေးကွက်သို့ တင်ပို့ရောင်းချ လျှက်ရှိသည့် ယက္ကန်းပညာရှင် မဇင်မာမြင့်၏ လက်ယက္ကန်းလုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့နယ်ရှိ မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးပြီး လိပ်ချင်းကျေးရွာရှိ အဆင့်မြင့်လယ်ယာ စိုက်ကွင်းများတွင် မိုးစပါးစိုက်ပျိုးပြီး အောင်ရေရယူနေသည့် တောင်သူများနှင့်တွေ့ဆုံ၍ ရေသွင်းရာတွင် အလေအလွင့် မရှိအောင် ရယူကြရန်၊ ရေသုံးစွဲသူအဖွဲ့ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရန်၊ စပါးစိုက်ပျိုးရာတွင် ရေချွေတာသုံးစွဲနိုင်သည့် SRI နည်းစနစ်ဖြင့် စိုက်ပျိုးကြရန်နှင့် မိုးစပါးစိုက်ခင်းများတွင် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ကြရန် တို့ကို ဆွေးနွေးမှာကြားပြီး တောင်သူများ၏ တင်ပြချက်များအား ဆက်စပ်ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ညီညီသန်း(နေပြည်တော်)