အရာတော်  ၅  ဇန်နဝါရီ 

 

၂ဝ၁၇-၂ဝ၁၈ခုနှစ်၊ မိုးစပါးအထွက်နှုန်းနှင့် အထွက်နှုန်းမှန်ကန်ရေး စစ်တမ်းကောက်ယူနိုင်ရန်အတွက် ကိုယ်စားပြု စံကွက်ရိတ်သိမ်းခြင်းကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ အုပ်ရှင်းကြီးကျေးရွာအုပ်စု၊ ကောင်းသစ်ကျေးရွာတွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှကြီးမှူးပြီး ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

 

စံကွက်ရိတ်သိမ်းရာတွင် ကွင်းအမှတ် (၁၉၁ဝ)၊ ဦးပိုင်အမှတ် (၃ဝ/၁)ရှိ တောင်သူဦးညွန့်ဝင်း စိုက်ပျိုးထားသော (၂ ဒသမ ၂၉) ဧကအား စံကွက်အဖြစ် ရိတ်သိမ်းရာ စပါးအစိုတစ်ဧက (၈၅ ဒသမ ၁၂)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

 

မိုးစပါးစံကွက်ရိတ်သိမ်းရာသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ဦးညီညီလတ်၊  အရာတော်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆွဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်တင်တင်စိန်၊ အုပ်ရှင်းကြီး ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)