မြန်မာနိုင်ငံသည် အာရှတိုက်၏ အင်အားကြီးနိုင်ငံကြီးများ ဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယတို့၏ ကြားတွင် ဆက်စပ်တည်ရှိနေပြီး တောင်အာရှနှင့် အရှေ့တောင်အာရှတို့၏ ပေါင်းကူးနေရာတွင် လည်း တည်ရှိသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည် “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒ” ကိုကျင့်သုံးသည်။ ထို့အပြင် တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန်၊ နိုင်ငံရေး ဝါဒချင်း ကွဲလွဲ စေကာမူ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူတကွ ပေါင်းသင်းဆက်ဆံနိုင်စေရန်ဟူသည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်ကို အခြေခံပြီး လုပ်ငန်းစဉ်(၈)ရပ် ချမှတ်ကျင့်သုံး နေသောနိုင်ငံဖြစ်သည်။
၁၉၅၄ ခုနှစ် ဘန်ဒေါင်းညီလာခံတွင် မြန်မာ၊ တရုတ်နှင့် အိန္ဒိယတို့က အဆိုတင်သွင်းခဲ့ပြီး အာရှ-အာဖရိက နိုင်ငံပေါင်း (၂၉) နိုင်ငံက ထောက်ခံခဲ့သည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်"သည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ စံပြုကြရသည့် တန်ဖိုးတစ်ရပ်၊ စံနှုန်းတစ်ခု လည်း ဖြစ်လာခဲ့သည်။ စစ်အေးတိုက်ပွဲကာလအတွင်း အရှေ့အုပ်စုနှင့် အနောက်အုပ်စုကြီးနှစ်စု နိုင်ငံရေးအရ အားပြိုင်မှုများ ပြင်းထန်ခဲ့စဉ်က မည်သည့်အုပ်စုနှင့်မျှ ပါဝင်ခြင်းမရှိဘဲ လွတ်လပ်စွာ ရပ်တည်လိုကြသည့် ဖွံ့ဖြိုးဆဲနိုင်ငံများစုစည်း၍ ဘက်မလိုက်လှုပ်ရှားမှု (Non-Aligned MovementNAM)ကို ၁၉၆၁ ခုနှစ်တွင် အဖွဲ့ဝင်(၂၅)နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှု၏ မူလတည်ထောင်သူ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံတကာဆက်ဆံရေးတွင် | ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်၊ ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ အခြေခံမူများ၊ ဘက်မလိုက်လှုပ်ရှားမှု၏ အခြေခံမူများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ အရှေ့၊ အနောက် ခွဲခြားခြင်းအလျဉ်းမရှိဘဲ ကမ္ဘာ့နိုင်ငံများအားလုံးနှင့် မိတ်ဝတ်မပျက်ခင်မင်ရင်းနှီးစွာ ဆက်ဆံသလို ထာဝရအတူယှဉ်တွဲ နေထိုင်သွားရမည့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေး ကိုလည်း အထူးအလေးအနက်ထားသည်။
နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံများအကြား ဖြစ်လေ့ဖြစ်ထရှိသည့် ပြဿနာများ ပေါ်ပေါက် လာပါကလည်း ချစ်ကြည်ရင်းနှီးမှုကို အခြေခံကာ အထက်ပါမူကြီး(၅)ချက်နှင့်အညီ ငြိမ်းချမ်းစွာ ဖြေရှင်းခဲ့သည်ချည်းသာဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံ၏သံတမန်ဆက်ဆံရေးမျက်နှာစာ၌ ထူးခြားသည့် အထိမ်းအမှတ်များ ဖုံးလွှမ်းနေသည့် နှစ်တစ်နှစ်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်ခဲ့ပြီဖြစ်သလို လာမည့်သြဂုတ်လတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၃)နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။ အလားတူပင် ၂၀၂၀ ပြည့်နှစ်သည် ဗီယက်နမ်နိုင်ငံနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၄၅)နှစ် ပြည့်မြောက်သည့်နှစ်၊ တောင်ကိုရီးယားနိုင်ငံနှင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၄၅)နှစ် ပြည့်မြောက်သည့်နှစ်၊ ဂျပန်နိုင်ငံနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၆၆)နှစ် ပြည့်မြောက်သည့်နှစ်ဖြစ်သည်။ ။
မြန်မာနိုင်ငံသည် နိုင်ငံတကာအခြေအနေများ မည်သို့ပင်ပြောင်းလဲစေကာမူ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ ခင်မင်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို စဉ်ဆက်မပြတ်ထိန်းသိမ်းလျက် နိုင်ငံတကာမိသားစုဝင်နိုင်ငံအဖြစ် တာဝန်သိ၊ တာဝန်ကျေပွန်သော နိုင်ငံအဖြစ် ရပ်တည်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာမျက်နှာစာတွင် တရုတ်နိုင်ငံ၏ အချက်အချာကျသော အကျိုးစီးပွားနှင့် အရေးကြီးကိစ္စရပ်များ၌ မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ် ပြတ်သားစွာ ထောက်ခံအားပေးခဲ့သလို နိုင်ငံတကာစင်မြင့်၌ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု နှင့် နိုင်ငံ့ဂုဏ်သိက္ခာ ကာကွယ်စောင့်ရှောက်ခြင်း အပေါ်တွင်လည်း တရုတ်နိုင်ငံက အစဉ်တစိုက်
ထောက်ခံအားပေးခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဖော်ဆောင်သကဲ့သို့ အိန္ဒိယနိုင်ငံနှင့်လည်း အထူးကောင်းမွန်သည့် ဆက်ဆံရေးကို ထားရှိပါသည်။ ထို့ကြောင့်လည်း ငြိမ်းချမ်းစွာအတူနေထိုင်ရေး မူကြီး(၅)ချက်အား မြန်မာ၊ တရုတ်နှင့် အိန္ဒိယတို့က အထက်တွင် ဖော်ပြသကဲ့သို့ ဘန်ဒေါင်းတွင် အဆိုတင်သွင်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ ခေတ်အဆက်ဆက် ကမ္ဘာ့နိုင်ငံရေးအခြေအနေအမျိုးမျိုးနှင့် နိုင်ငံတကာအစီအစဉ် အဖုံဖုံတို့အကြား ၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင် သည်မှာ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်သော မှန်ကန်သည့် နိုင်ငံခြားရေးဝါဒကို ချမှတ်နိုင် ခဲ့ခြင်းကြောင့် ဖြစ်သည့်အားလျော်စွာ အနာဂတ်တွင်လည်း အရှေ့၊ အနောက် နိုင်ငံများအကြား ဖြောင့်မတ်တည်ကြည်စွာရပ်တည်လျက် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ရင်းနှီးချစ်ကြည်သောဆက်ဆံရေးကို တည်ဆောက်လျက် တာဝန်သိ၊ တာဝန်ကျေပွန်သော နိုင်ငံတကာ မိသားစုဝင်နိုင်ငံအဖြစ် ဆက်လက်ဖော်ဆောင်သွားနိုင်မည်ဖြစ်ပါကြောင်း။