ညိုညိုဝင်း-ကျေးလက်
မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိရာ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင် ကြသူများဖြစ်ကြသည်။ သို့ဖြစ်ရာနိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးနှင့် ဆင်းရဲမှုလျှော့ချစေရေးအတွက် နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲချမှတ်၍ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် အစိုးရ-ပုဂ္ဂလိက-ပြည်သူ ပူးပေါင်းဆောင်ရွက်မှုဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ယခုကဲ့သို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာတွင် အဓိကအခြေခံလိုအပ်ချက် ဖြစ်သည့် ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတစ်ခုတည်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အထောက်အကူပြုရေးအတွက်ပါ ယှဉ်တွဲဆောင်ရွက်နိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေ နိုင်မည်ဖြစ်ပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ရရှိနိုင်မည့် ဘဏ္ဍာ ငွေအရင်းအမြစ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပြည်သူ့ဘဏ္ဍာရန်ပုံငွေ၊
(ခ) အကူအညီရငွေ၊
(ဂ) ပြည်ပချေးငွေ၊
(ဃ) ပြည်သူထည့်ဝင်ငွေ၊
(င) ပြည်တွင်း ပုဂ္ဂလိက/အဖွဲ့အစည်းများမှ ထည့်ဝင်လှူဒါန်းငွေ။
အဆိုပါ ဘဏ္ဍာရန်ပုံငွေများအနက် အကူအညီ ရငွေဟုဆိုရာတွင် နိုင်ငံခြားအစိုးရများ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ အစိုးရအဖွဲ့အစည်း များ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် စီမံကိန်း လုပ်ငန်းများအတွက် အသုံးစရိတ်များကို စေတနာအလျောက်အကူအညီပေးသည့် ပြန်လည်ပေးဆပ် ရန်မလိုသော ထောက်ပံ့ငွေ(ငွေကြေး၊ ပစ္စည်းနှင့် ဆောင်ရွက်ပေးမှု)ဖြစ်ပြီး ရေတိုရေရှည် အကျိုး ဖြစ်ထွန်းစေမည့် အထောက်အပံ့များပင်ဖြစ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်သည့် အကူအညီ ရငွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကူညီထောက်ပံ့၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူပြီး အကောင်အထည်ဖော် လျက်ရှိသော အရှေ့အာရှဆင်းရဲမှု လျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်း အကြောင်းကို ရေးသားတင်ပြသွားပါမည်။
နောက်ခံသမိုင်း
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ+ ၃ (တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား) နိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေးတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီခချန်းက အရှေ့-အာရှ ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှု ကနဦးဆောင်ရွက်ချက်လုပ်ငန်းများကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အဆိုပြုဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးချက်အရ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ သုံးနိုင်ငံရှိ ကျေးရွာခြောက်ရွာတွင် “အရှေ့အာရှဆင်းရဲမှု လျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစံပြ စီမံကိန်း” အမည်ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် “အရှေ့အာရှ ဆင်းရဲမှုလျှော့ချ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်း” ကို နေပြည်တော်ကောင်စီနယ်မြေနှင့် ၈၀ ကီလို မီတာခန့်ကွာဝေးသည့် လယ်ဝေးမြို့နယ် မင်းပြင် ကျေးရွာနှင့် ၆၁ ကီလိုမီတာခန့်ကွာဝေးသည့် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံ ကိန်းကို ထောက်ပံ့ငွေကျပ် ၂၂၇၂ ဒသမ ၂၅ သန်း ဖြင့် ၂၃-၁-၂၀၁၈ မှ ၂၃-၁-၂၀၂၁ အထိ သုံးနှစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရပါသည်။
စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ
အဆိုပါစီမံကိန်းအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် စီမံကိန်းပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်မှုရုံးကို ဖွဲ့စည်းခဲ့ပြီး တရုတ်နိုင်ငံဘက်မှ ဝန်ထမ်းများနှင့် ပူးပေါင်းတာဝန်ယူ၍ စီမံကိန်းတစ်ခုလုံးအကောင်အထည် ဖော်မှု၊ ညှိနှိုင်းမှုနှင့်လမ်းညွှန်မှု၊ ကြီးကြပ်ကွပ်ကဲမှု၊ စောင့်ကြည့် အကဲဖြတ်မှု၊ နည်းပညာဆိုင်ရာ အကူအညီထောက်ပံ့ပေးမှု စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။
စီမံကိန်းကို Component ငါးခုဖြင့် ဆောင်ရွက်ပြီး အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုဖွံ့ ဖြိုးတိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နည်းပညာ အကူအညီပေးခြင်း စသည့်လုပ်ငန်းများ ပါဝင်ပါသည်။ စီမံကိန်းမှ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းအားဖြင့် စီမံကိန်းကျေးရွာ နှစ်ရွာတွင် အိမ်ထောင်စု ၁၄၈၁ စုနှင့် လူဦးရေ ၇၈၂၀ အား လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ အကျိုး ကျေးဇူးရရှိစေခဲ့ပါသည်။
လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာတွင် စီမံကိန်းဆောင်ရွက်မှု
စီမံကိန်းကျေးရွာတစ်ရွာဖြစ်သည့် မင်းပြင်ကျေးရွာတွင် အခြေခံအဆောက်အအုံလုပ်ငန်းများ အနေဖြင့် ကွန်ကရစ်လမ်း၊ River Bank ရေကာနံရံ ၄၉၅ ပေ၊ တွင်းနက်တူးဖော်ခြင်း၊ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းတို့အပြင် မီးလင်းရေးလုပ်ငန်းတွင် 11 KV line-1300’၊ 0.4 KV Line- 4.53miles၊ 315 KVA Transformer and sub- station နှင့် ဆိုလာလမ်းမီးတိုင် တပ်ဆင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် နှစ်ထပ်ကျောင်းဆောင်သစ်၊ ကျောင်းအားကစား ကွင်းပြန်လည် ပြုပြင်ခြင်း၊ ကျောင်းသုံးစားပွဲနှင့် ကုလားထိုင် ၁၄၄ စုံ၊ ဆရာ ဆရာမများ စားပွဲခုံ ရှစ်စုံ ထောက်ပံ့ပေးခြင်း၊ လူထုဖွံ့ဖြိုးမှုစင်တာ တည်ဆောက်ပေးခြင်း၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲခြင်းစနစ်နှင့် အသိပညာပေးခြင်းအပြင် စီမံကိန်းမှ အမှိုက်သိမ်းယာဉ်သုံးဘီးတစ်စီး၊ အမှိုက်စွန့်ပစ် ကျင်းတစ်ကျင်း၊ အမှိုက်ပုံးများနှင့် ဆက်စပ်ပစ္စည်း များ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။
အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စပါး၊ နှမ်း၊ မြေပဲသီးနှံများကို စံပြ စိုက်ကွက်များအဖြစ် စိုက်ပျိုး၍ သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေး ဆိုင်ရာ သင်တန်းများပို့ချပေးခြင်း၊ စံပြပျိုးခြံ တစ်ခြံတည်ထောင်၍ ရာသီအလိုက် သီးနှံများနှင့် ပန်းများစိုက်ပျိုးခြင်း၊ အိမ်ထောင်စု ၃၀ သို့ မျိုးစေ့များပံ့ပိုး၍ နေအိမ်ခြံဝင်းများတွင် တစ်နိုင် တစ်ပိုင်စိုက်ခင်းများ ဖော်ဆောင်ပေးခြင်း၊ မွေးမြူရေးလုပ်ငန်းအနေဖြင့် တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာရှိ မွေးမြူရေး စိတ်ပါဝင်စားသူများကို အစုအဖွဲ့ ဖွဲ့စည်းပေးပြီး ကြက်ခြံနှစ်ခြံတည်ဆောက်၍ စီမံကိန်းမှ လိုအပ်သော မွေးမြူရေးဆိုင်ရာ သင်တန်းများပို့ချခြင်း၊ တိုင်းရင်းကြက်မျိုး အကောင် ၄၀၀ နှင့် မွေးမြူရေးဆေး သုံးလစာ ပံ့ပိုးပေးခြင်း၊ ၎င်းအပြင် ဝါးလက်မှုလုပ်ငန်း နည်းပညာသင်တန်း များဖွင့်လှစ်ခြင်း၊ ဝါးလက်မှုလုပ်ငန်းအတွက် အလုပ်ရုံတစ်ခု တည်ဆောက်ခြင်း၊ ဝါးပေါင်းကန်နှင့် လိုအပ်သော ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး ဈေးကွက်ဝင် ဝါးလက်မှုပစ္စည်းများထွက်ရှိသည်အထိ ဆောင်ရွက် ပေးခဲ့သည်။
တပ်ကုန်းမြို့နယ် အေးချမ်းသာကျေးရွာတွင် စီမံကိန်းဆောင်ရွက်မှု
အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းများအနေဖြင့် အေးချမ်းသာကျေးရွာတွင် ကွန်ကရစ်လမ်း၊ ရွာတွင်းရိစာလမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေးလုပ်ငန်းတွင် ကျေးရွာနှင့် နှစ်မိုင်ခန့် အကွာအဝေးရှိ ဆင်သေဆည် Reservoir မှ ကျေးရွာ သို့ ပိုက်လိုင်းဖြင့် ရေသွယ်ယူခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစင်နှင့် ဂါလန် ၂၀၀၀၀ ဆံ့ ရေစစ်ကန်တည်ဆောက် ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ မီးလင်းရေး လုပ်ငန်းတွင် 11 KV line-300’၊ 0.4KV Line-21113’၊ 200 KVA Transformer၊ 50KVA Tran- sformer and substation တည်ဆောက်ပေးခြင်း၊ အများနှင့်သက်ဆိုင်သည့် အဆောက်အအုံများတွင် ဆိုလာမီးတိုင် ၁၄ တိုင်၊ လမ်းမီးတိုင် ၂၆ တိုင် စုစုပေါင်း တိုင် ၄၀ တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် အေးချမ်းသာကျေးရွာတွင် စာကြည့်တိုက်ပါဝင်သော ကျောင်းဆောင် သစ်၊ ကျောင်းအိမ်သာ လေးခန်းတွဲနှစ်လုံးနှင့် ဆရာ ဆရာမ အိပ်ဆောင်၊ လူထုဖွံ့ဖြိုးရေးစင်တာ တည်ဆောက် ပေးခြင်း၊ စတုရန်းပေ ၃၂၀၀ ကျောင်းအားကစားကွင်းနှင့် ကျောင်းခြံစည်း ရိုး၊ ကျောင်းစားပွဲနှင့် ကုလားထိုင်အစုံ ၂၀၀၊ ဆရာ ဆရာမ စားပွဲခုံခြောက်စုံ ထောက်ပံ့ပေးခြင်း၊ စတုရန်း ပေ ၉၀၀ ဆေးပေးခန်းနှင့် ၃၄၅၆ စတုရန်းပေ အားကစားကွင်းတည်ဆောက်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စွန့်ပစ်အမှိုက် စီမံခန့်ခွဲခြင်းစနစ် မိတ်ဆက်အသိ ပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး စီမံကိန်းမှ အမှိုက်သိမ်းယာဉ် သုံးဘီးတစ်စီး၊ အမှိုက်စွန့်ပစ် ကျင်းတစ်ကျင်း၊ အမှိုက်ပုံးများ၊ ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနေဖြင့်လည်း ကျေးရွာစိုက်ပျိုးရေး ကဏ္ဍအတွက် လယ် ၄၃ ဧက တွင် စပါး၊ နှမ်း၊ မြေပဲ၊ မတ်ပဲ၊ နေကြာသီးနှံများအား စံပြစိုက်ကွက်များ အဖြစ် စိုက်ပျိုး၍ သွင်းအားစုနှင့် မျိုးကောင်း မျိုးသန့်များပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများပို့ချပေးခြင်း၊ စံပြပျိုးခြံတစ်ခြံ တည်ထောင်၍ ရာသီအလိုက်သီးနှံများနှင့် ပန်းများ စိုက်ပျိုးခြင်း၊ အိမ်ထောင်စု ၇၆ စုသို့ မျိုးစေ့များ ပံ့ပိုး၍ နေအိမ်ခြံဝင်းများတွင် တစ်ပိုင်တစ်နိုင် စိုက်ခင်းများ ဖော်ဆောင်ပေးခြင်းအပြင် မှိုစိုက်ပျိုးခြင်း နည်းပညာသင်တန်း ဖွင့်လှစ်ပို့ချပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ မွေးမြူရေးလုပ်ငန်းအနေဖြင့် နည်းပညာသစ် အသုံးပြု၍ စံပြဝက်မွေးမြူနိုင်ရန်အတွက် မွေးမြူရေး စိတ်ပါဝင်စားသူများအား အစုအဖွဲ့စနစ်ဖြင့် စံပြဝက်မွေးမြူရေးခြံ တည်ဆောက်ပေးခြင်း၊ မွေးမြူရေးဆိုင်ရာနှင့် ရောဂါကာကွယ်ရေး ဆိုင်ရာ အသိပညာပေးခြင်း၊ အစာနှင့်ဆေး ထောက်ပံ့ပေးခြင်း လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် အသေးစားစက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက်လည်း စက်ရက်ကန်း အထည်စက်ရုံ တည်ဆောက်ပေးခြင်း၊ စက်ရက်ကန်းစင် လေးစုံ၊ ချည်ဖောက်စက် တစ်စုံနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်း ဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။
အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း
စီမံကိန်းမှ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ရေးလုပ်ငန်းများအနေဖြင့် စီမံကိန်း ဝန်ထမ်းများအား စီမံကိန်းလုပ်ငန်းများကို ကျွမ်းကျင်စွာ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများပို့ချခြင်း၊ ကျေးရွာကော်မတီများ စနစ်တကျ ဖွဲ့စည်းထားရှိပြီး ကျေးရွာလူထု စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများဖွင့်လှစ်ပေးခြင်း၊ အခြေခံအဆောက်အအုံနှင့် ဝယ်ယူရေးဆိုင်ရာလုပ်ငန်းများအတွက် လိုအပ်သောသင်တန်း စုစုပေါင်း ၂၂ ကြိမ် ဖွင့်လှစ် ပို့ချပေးနိုင်ခဲ့ပါသည်။
အတွေ့အကြုံမျှဝေဖလှယ်ခြင်း
၂၀၁၉ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသော အရှေ့အာရှဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများကို ကွင်းဆင်းလေ့လာခြင်းနှင့် အတွေ့အကြုံမျှဝေ ဖလှယ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင်ဒေသတွင်း အတွေ့အကြုံများ မျှဝေဖလှယ်ခြင်းအနေဖြင့်လည်း ၂၀၁၉ ခုနှစ်တွင် မကွေး မြို့နယ်ရှိ အစုအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် နှမ်းစက်ရုံတည်ဆောက်လည်ပတ်ခြင်းနှင့် ကျေးရွာ များတွင် အစုအဖွဲ့ဖြင့် ဒေသကြက်မွေးမြူရေး လုပ်ငန်း၊ တပ်ကုန်းမြို့နယ်အတွင်း CP Livestock ကုမ္ပဏီမှ ခေတ်မီနည်းစနစ်ဖြင့် ဥစားကြက် မွေးမြူရေးလုပ်ငန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်ရှိ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု အသိပညာပေးခြင်းလုပ်ငန်း၊ ဝမ်းတွင်း မြို့နယ်ရှိ ရက်ကန်းစက်ရုံအား ကွင်းဆင်းလေ့လာ ခြင်း၊ စီမံကိန်းကျေးရွာနှစ်ရွာရှိ ရွာသူ ရွာသားများက စီမံကိန်းလုပ်ငန်းများကို အပြန်အလှန် သွားရောက်လေ့လာခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံမှ ဝန်ကြီးဌာနကိုယ်စားလှယ် များ၊ NGO/ INGO အဖွဲ့များ၊ CCTV၊ CGTN၊ Phoenix စသော တရုတ်နိုင်ငံရှိ မီဒီယာများ၊ ကိုယ်စားလှယ်များကလည်း စီမံကိန်းကျေးရွာများသို့ လေ့လာရေး ခရီးစဉ်များ လာရောက်ခဲ့ပါသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်တွင် မင်းပြင် ကျေးရွာမှ ကျေးရွာသူငါးဦးကို ရေနီမြို့နယ်ရှိ SUMEC အထည်အလိပ်စက်ရုံ၌ အလုပ်အကိုင်ရရှိစေရန် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု
စီမံကိန်း၏ တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းများ တိုးတက်ကောင်းမွန်မှု၊ အရည်အသွေးပြည့်မီမှု၊ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်မှု၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုကိစ္စရပ်များတွင် ကြီးကြပ် ဆောင်ရွက်ရန်နှင့် လိုအပ်သည့်အကြံဉာဏ်များ ပံ့ပိုးကူညီရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ယူနန် ဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာနှစ်ဦးအား ၂၀၁၉ ခုနှစ် ဇူလိုင် လ ၂၃ ရက်နေ့မှစတင်၍ တာဝန်ပေးခန့်အပ်ခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိ အင်ဂျင်နီယာများ အရည်အသွေးစစ်ဆေးရေးအဖွဲ့များနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကာ စီမံကိန်းကာလအတွင်း တည်ဆောက်ရေး လုပ်ငန်းများ၏ အရည်အသွေး စံချိန်စံညွှန်းများကို အကဲဖြတ် သုံးသပ်၍ အစီရင်ခံစာရေးသားပြုစုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၎င်းအပြင် စီမံကိန်းလုပ်ငန်းများအောင်မြင် စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် Joint Project Management Office (JPMO) အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)တွင် ဖွဲ့စည်းထားရှိပြီး စီမံကိန်း စီမံခန့်ခွဲမှုအဖွဲ့၊ စီမံကိန်းအရည်အသွေး စစ်ဆေး ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ ဝယ်ယူရေးနှင့် တင်ဒါစိစစ်လက်ခံရေးအဖွဲ့များကို စနစ်တကျ ဖွဲ့စည်းထားရှိခဲ့ပါသည်။ စီမံကိန်း စီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် စီမံကိန်းတိုးတက်အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဦးစီးဌာနများအကြား ညှိနှိုင်းဆောင်ရွက်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းအဖွဲ့အား သတ်မှတ်ချိန်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရန်အတွက် တိုက်တွန်းဆောင်ရွက်ခြင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးရွာသူ ကျေးရွာသားများ ပူးပေါင်းပါဝင်နိုင်ရေး တိုက်တွန်းစည်းရုံးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
စီမံကိန်းစောင့်ကြည့်စစ်ဆေးအကဲဖြတ်ခြင်း
စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများအပေါ် အခြေခံအချက်အလက် စစ်တမ်းများ ကောက်ယူခြင်းနှင့် စီမံကိန်းနှစ်အလိုက် စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်၍ အစီရင်ခံစာရေးသားပြုစုခြင်း၊ ပြင်ပပညာရှင်အဖွဲ့ငှားရမ်း၍ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်ကလည်း စီမံကိန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မှုရုံးမှ တရုတ်နိုင်ငံသားဝန်ထမ်းများအပြင် နိုင်ငံတော်အဆင့် တာဝန်ရှိသူများ စီမံကိန်း Focal ဌာနဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေး ပူးပေါင်း ဆောင်ရွက်မှုစင်တာ(IPRCC)၏ တာဝန်ရှိသူများကလည်း Supervision Missionများ လာရောက်၍ စီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက် မှုအခြေအနေများကို ကြီးကြပ်စစ်ဆေးခဲ့ပါသည်။
စီမံကိန်းအကျိုးရလဒ်နှင့် အကျိုးသက်ရောက်မှု
ဤစီမံကိန်းသည် အမှန်တကယ် သိသာ ထင်ရှားစွာ အကျိုးထိရောက်မှုရှိသော စီမံကိန်းလုပ်ငန်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နီးနီးကပ်ကပ် လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား မိတ်ဖက် ဆက်ဆံရေးကို မြှင့်တင်ပေးခဲ့ပါသည်။ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မှု၏ ရလဒ်ကောင်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုစင်တာနှင့် မြန်မာနိုင်ငံအစိုးရဘက်မှ အဆင့်ဆင့်သော တာဝန်ရှိသူများက အသိအမှတ်ပြု ချီးကျူးခဲ့ကြသလို စီမံကိန်းကျေးရွာသူကျေးရွာသားများကလည်း စီမံကိန်းအပေါ် စိတ်ကျေနပ်မှုများရရှိခဲ့ကြောင်း သိရှိခဲ့ပါသည်။ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သော “(၁၁)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး” တွင် တက်ရောက်လာကြသည့် ကမ္ဘာ့ကုလသမဂ္ဂ စားရေ ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အာဆီယံ ၁၀ နိုင်ငံမှ ကိုယ်စား လှယ် ၉၀ ကျော်က ကွင်းဆင်းလေ့လာနိုင်ရန်အတွက် အေးချမ်းသာကျေးရွာအား စံနမူနာကျေးရွာအဖြစ် ရွေးချယ်ပြသနိုင်ခဲ့ပါသည်။ အဆိုပါ ကိုယ်စားလှယ်များက အေးချမ်းသာကျေးရွာတွင် ကွင်းဆင်း လေ့လာခဲ့ပြီးနောက် ကျေးရွာ၏စီမံကိန်းဆောင်ရွက် ထားရှိမှုများကို နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စံပြစီမံကိန်းတစ်ခုဖြစ်သည်ဟု အသိ အမှတ်ပြုခဲ့ကြပါသည်။
စီမံကိန်းကျေးရွာနှစ်ရွာတွင် လိုအပ်သော အသက်မွေးဝမ်းကျောင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများပို့ချခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် စီမံကိန်းကျေးရွာနေ ရွာသူရွာသားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာပြီး ကျေးရွာတွင် ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ် ထုတ်ကုန်များ ရရှိလာစေခြင်းဖြင့် စီးပွားရေးအခြေခံကောင်းများ ရရှိလာစေပါသည်။
ကျေးလက်ဒေသ အခြေခံအဆောက်အအုံ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းကျေးရွာ၏ လူနေမှုအဆင့်အတန်း မြင့်မားလာ၍ လူမှုစီးပွားဘဝများ သိသာစွာဖွံ့ဖြိုး တိုးတက်ကောင်းမွန်လာခဲ့ပြီး စီမံကိန်းကျေးရွာနှစ်ရွာ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသောအုတ်မြစ် ဖြစ်ခဲ့ပါသည်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာသဖြင့် ကျေးရွာသူ ကျေးရွာ သားများအတွက် အခွင့်အလမ်းများပေးစွမ်းနိုင်သည့် လူမှုပတ်ဝန်းကျင်ကောင်းများ တိုးတက် ဖြစ်ပေါ်လာခြင်းနှင့် ပျော်ရွှင်ဖွယ် ဘဝနေထိုင်မှုပုံစံများ ပိုင်ဆိုင်လာစေရန် မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ စီမံကိန်းလုပ်ငန်းစဉ်များ ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းဓလေ့များ၊ ကျေးရွာသူကျေးရွာသားများ၏ ဓလေ့ထုံးတမ်းများ နှင့်ပေါင်းစပ်၍ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ကျေးရွာများတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဂေဟဗေဒစနစ်နှင့်် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အသိပညာ မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်းအားဖြင့် ကျေးရွာသူကျေးရွာသားများသည် သင်ယူရရှိခဲ့သော အသိအမြင်များကို ကျင့်သုံး၍ စီမံကိန်းလုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခဲ့ပါသည်။ စီမံကိန်း ကျေးရွာနှစ်ရွာမှ ကျေးရွာသူ ကျေးရွာသားများ သာမက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဆက်စပ်ဌာနများမှ ဝန်ထမ်းများလည်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် အတွေ့အကြုံ ကောင်းများ ရရှိခဲ့ပါသည်။

ခေတ်မီစံပြကျေးရွာစီမံကိန်း (Smart Village)မွေးဖွားခြင်း
ဤစီမံကိန်းမှ ရရှိလာသော ဖွံ့ဖြိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ၁၀ နှစ်တာ ကာလအတွင်း ကျေးလက် ဦးစီးဌာနက ဆောင်ရွက်ခဲ့သော ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ၏ အတွေ့အကြုံကောင်းများအပေါ် အခြေခံ၍ ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေး ဆိုင်ရာပညာရှင်များက ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းကို ဒီဇိုင်းရေးဆွဲဖော်ထုတ်ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်မှစတင်၍ နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ကျေးရွာတစ်ရွာစီ Pilot အဖြစ်ရွေးချယ်၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် ကျေးရွာ ၈၈ ရွာအထိ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်
ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းမှရရှိသော အကျိုးရလဒ်များကို အခြေခံ၍ “တရုတ်နိုင်ငံ အထောက်အပံ့ဖြင့် အရှေ့အာရှ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုစီမံကိန်း(အဆင့်-၂) (China-Aided East Asia Poverty Reduction Cooperation Project Phase-II (Myanmar)”ကို ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၂၅ သန်းဖြင့် တိုင်းဒေသကြီး နှစ်ခုရှိ ကျေးရွာနှစ်ရွာစီနှင့် ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့သည့် စီမံကိန်းကျေးရွာနှစ်ရွာတို့၏ စီမံကိန်းလုပ်ငန်းများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် နှစ်နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာဆင်းရဲမှု လျှော့ချရေး ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော အရှေ့အာရှဆင်းရဲမှု လျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်း၏ အစီအစဉ်ဖြင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်း လုပ်ငန်းများသည် စီမံကိန်း ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်မှုရုံးများမှ ဝန်ထမ်းများ၏ စည်းရုံးဆောင်ရွက်မှု၊ ကျေးရွာသူ ကျေးရွာသားများ၏ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကျေးရွာရန်ပုံငွေ ထူထောင်နိုင်သည်အထိ ဝင်ငွေ ရရှိလာခြင်း၊ ကျေးရွာကော်မတီဝင်များအနေဖြင့် လည်း တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာများကို သင်ကြား/ ဖြန့်ဝေပေးနိုင်ခြင်း၊ ရွာသူရွာသားများ အနေဖြင့်လည်း မိသားစုဝင်ငွေတိုးတက်လာစေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အထောက်အကူ ပြုနိုင်ခဲ့ကာ စီမံကိန်းကျေးရွာနှစ်ရွာရှိ လုပ်ငန်းများ ရေရှည်လည်ပတ်ထိန်းသိမ်းနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ခေတ်မီ စံပြကျေးရွာများ နှစ်စဉ်တိုးချဲ့ဆောင်ရွက်ကာ ကျေးလက်ဒေသဖွံ့ ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။