မကွေး ၂၈ ဇွန်
စီးပွားရေးမသမာသူများကြောင့် ပြည်သူများနစ်နာမှုမရှိစေရန်နှင့် မကွေးကုန်စည်ဒိုင်၏ စံယူနစ်စနစ် အကောင်အထည်ဖော်နိုင်ရေးတို့အတွက် ပွဲရုံများ၊ ဈေးများ၊ အရောင်းအဝယ်လုပ်ငန်းခွင်များအားလုံးမှ ဒစ်ဂျစ်တယ်ကတ္တားများအားလုံးကို ပြန်စစ်သွားမည်ဖြစ်ကြောင်း မကွေးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် အသင်းတာဝန်ရှိသူများနှင့် ဖီးနစ်၊ ချမ်းသာ၊ စင်ထွာ၊ စီထွာ၊ ဓန စသည့် ဒစ်ဂျစ်တယ်ကတ္တားကုမ္ပဏီ(၅)မှ တာဝန်ခံများတွေ့ဆုံခဲ့ပြီး ရောင်းချပြီးသော ကတ္တားများအားလုံးကို ပြန်လည်စစ်ဆေး၍ (တစ်ကျပ်သား၊ နှစ်ကျပ်သား ကွာဟချက်မှအပ) စံယူနစ်အချင်အတွယ်များ မှန်ကန်အောင် တစ်လအတွင်း လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
“တစ်ချို့သော မသမာတဲ့ပွဲရုံတွေ၊ ကုန်သည်တွေက ကတ္တားမမှန်ဘဲ လုပ်စားတာတွေ ရှိနေတယ်လို့ ကြားနေရတယ်။ မကွေးကိုလာရောင်းတဲ့ ပစ္စည်းမှန်သမျှ စံယူနစ်စနစ်နဲ့ ချိန်ပေးနိုင်ဖို့ ဒီနေ့လုပ်ဆောင်ကြတာပါ။ ကုမ္ပဏီတွေက ကတ္တားတွေကိုစစ်ပြီးရင် အလေးချိန်စနစ်ကို တာဝန်ယူရမယ်။ စတစ်ကာတွေကပ်ရမယ်၊ ကုန်စည်ဒိုင်ကို စာရင်းတွေပို့ရမယ်။ စစ်ဆေးထားခြင်းမရှိတဲ့ ကတ္တားတွေနဲ့ ရောင်းဝယ်ခွင့် မပြုတော့ပါဘူး”ဟု မကွေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဖိုးနီက ပြောသည်။
ကတ္တားများမှာ သက်ဆိုင်ရာကုမ္ပဏီများ၏ လျှို့ဝှက်ကုတ်နှင့် ကွန်ပျူတာစနစ်ကို အသုံးပြု၍သာ ပြင်ဆင်၍ရပြီး ပြင်ချင်တိုင်း ပြင်၍မရကြောင်း ကုမ္ပဏီတာဝန်ရှိသူများဘက်က ပြောဆိုသည်။
လျှပ်စစ်မီတာဘောက်များကဲ့သို့ ကတ္တားများကို စီးတံဆိပ်များဖြင့်ပိတ်ပြီး ဖြုတ်လျှင်၊ ပြင်လျင် သိရှိနိုင်အောင် လုပ်စေချင်ကြောင်း၊ ကုမ္ပဏီဘက်မှ လူအချို့နှင့် လုပ်ငန်းရှင်အချို့ပေါင်း၍ ကိုယ့်တွက်ကျန်အောင် ကတ္တားပြင်ဆင်မှုများ မရှိစေရန် ဝိုင်းဝန်းကာကွယ်ပြီး မှန်ကန်သောရောင်းဝယ်မှု စံစနစ်သတ်မှတ်ချက်ကို လုပ်ဆောင်လိုကြောင်း ကုန်သည်ကြီးများဘက်မှ သိရှိရသည်။
ဇေယျတု(မကွေး)


