လင်းလက်ကြယ်(လက်ပံလှ)

(၁)

“ဟွန်း... တစ်နေကုန်နေတာမှ ဒီလောက်လေးပဲရတာလား” အသံ ခပ်မာမာနဲ့ပြောလိုက်တဲ့ သီဟရဲ့ စကား ကြောင့် ဦးလှ ရင်ထဲမှာ ဝမ်းနည်းလို့မဆုံး။ တစ်ပြိုင်တည်းမှာပဲ သီဟကို ကြည့်လိုက်တယ်။

“ဒီနေ့က မိုးရွာတော့ လူသွားလူလာက အလွန်ပါးတယ်။  အဖေလည်း ရသလောက်တော့ ထိုင်နေတာပဲ သားရယ်”

“ပြောလိုက်ရင် အကြောင်းပြချက်လေးနဲ့။ သူရတဲ့ပိုက်ဆံက  သူ့လိုက်ပို့ရတဲ့ ဆိုင်ကယ်ဆီဖိုးတောင်မကာမိဘူး”

ဦးလှလည်း သီဟကို ဘာမှမပြောတော့ပဲ သူ့အိပ်ရာလေးထဲမှာ ဝင်လှဲလိုက်တယ်။
“ဟဲ့...မိကြည်။နင်စျေးသုံးဖို့ ရော့။ ကျန်တာကတော့ ဆိုင်ကယ်ဆီဖိုးနဲ့ ငါကစ်ဖို့” သီဟက ဦးလှပါလာတဲ့ ပိုက်ဆံတွေကို ရေတွက်ရင်း သူ့မိန်းမနဲ့ ခွဲတန်းချလိုက်တယ်။ ပါးစပ်ကလည်း ကွမ်းတပျစ်ပျစ်ထွေးရင်း ဦးလှကို အပြစ်ပြောနေတယ်။ ဦးလှကတော့ သီဟကို ဘာမှပြန်မပြောတော့ဘဲ အိပ်ရာထဲကနေ အသာ လှမ်းကြည့်နေလိုက်တယ်။

“အမလေးတော်။  ပိုက်ဆံယူရမှာတောင် အားနာတယ်။ အများကြီးဆိုတော့”

မိကြည်ကလည်း သီဟပေးလိုက်တဲ့ ပိုက်ဆံကိုကြည့်ပြီး   မဲ့ကာရွဲ့ကာနဲ့ ပြောလိုက်တယ်။ ဦးလှလည်း မိကြည်ရဲ့ အမူအယာကို မမြင်သလို နေလိုက်ပြီး တခြားတစ်ဖက်ကို လှည့်နေလိုက်တယ်။ သူတို့ကို ကျောပေးထားပေမယ့် သူတို့ ပြောတာတွေကိုတော့ ကြားနေရတယ်။ ဒီနေ့ဝင်ငွေနည်းတယ်ဆိုတာ  ဦးလှ သိတယ်။ ဒါကြောင့်လည်း  မိုးရွာတာတောင် နေရာမရွှေ့ဘဲ  မိုးရွာကြီးထဲမှာ ထိုင်နေတာ။ ဒါပေမဲ့ ဘယ်သူမှမလာကြဘူး။  လာတဲ့သူတွေကြတော့လည်း မိုးရွာနေတော့ မရပ်ကြဘူး။ ခါတိုင်းရက်တွေက မရဘူးဆိုရင် ငါးထောင်လောက် ရတယ်။  ဒီနေ့တော့ သုံးထောင်တည်း။ အိမ်ပြန်ရောက်ရင်တော့ သီဟ ဆူတာခံရဦးမယ်လို့  စိတ်ထဲမှာ  တွေးနေလေရဲ့။ အိမ်ပြန်ရောက်တော့ တကယ်ပါပဲ။ ဒီကြားထဲ မိကြည်ကပါ ပြောနေတော့ နေတတ်စရာက မရှိတော့ဘူး။ အသက်ခြောက်ဆယ်ကျော်အဘိုးကြီးရဲ့ ဝင်ငွေက ဒီလောက်ရနေတာကို သူတို့တစ်တွေ ကျေးဇူးတင်ရမှာ။ အခုတော့ အဲဒီလို မဟုတ်ကြဘူး။ တွေးရင်းနဲ့ ဝမ်းနည်းစိတ်ကြောင့် မျက်ရည်တို့က  စီးကျလို့။  အဆင်မပြေမှုတွေ များလာတဲ့အခါ  သွားလေသူကို  ပိုလို့ သတိရနေမိတယ်။

(၂)

“ကိုလှရယ် ကျွန်မတို့တစ်တွေ အသက်ကြီးလာလို့ သေရမယ်ဆိုရင် ရှင့်ကိုပဲ အရင်သေစေချင်တယ်။ ကျွန်မကတော့ နောက်မှသေမယ်။  အဲဒါမှ  စိတ်ချမှာတော့” ချိုင်းထောက်လေးနဲ့ စပြီးလမ်းလျှောက်တဲ့နေ့က ဒေါ်လှမြိုင်က ဦးလှကို ပြောလိုက်တာ။ ဒေါ်လှမြိုင်ရဲ့စကားကြောင့် ဦးလှ မျက်လုံးပြူးသွားတယ်။

“လှမြိုင်ရယ် နင်က ငါ့လို ဒုက္ခိတကို လုပ်မကျွေးချင်လို့ အရင်သေခိုင်းတာလား”

“အမလေးတော်..ကျွန်မက စေတနာနဲ့ ပြောတာပါတော်။ အရင်တုန်းကလို ရှင်ကကိုယ်လက်အင်္ဂါ ပြည့်စုံနေရင်တော့ မပြောပါဘူး။ အခုဟာက”

ဒေါ်လှမြိုင်က  ဦးလှကို  ကြည့်ပြီး ဆက်မပြောတော့ဘူး။  ရင်ထဲမှာလည်း ဝမ်းနည်းသွားတယ်။ ဝမ်းနည်းမှုကြောင့် မျက်ဝန်းအိမ်မှာလည်း မျက်ရည်တို့ကရစ်ဝဲလို့။

“ဒါဟာ ဝမ်းနည်းစရာ မဟုတ်ပါဘူး လှမြိုင်ရယ်။ ငါတို့မှာ သားရတနာလေး ရှိပါသေးတယ်ဟာ။ သားဟာ မိဘအတွက် အားဆိုတာ နင်မကြားဖူးဘူးလား”

“ကြားဖူးပါ့တော်။ ကြားဖူးပါ့။ အဲဒါ တင်ကြားဖူးတာမဟုတ်ဘူး။  သားက ကျားဖြစ်တယ်ဆိုတာလည်း  ကြားဖူးပါ့”

ဒေါ်လှမြိုင်က ဘောက်ဆတ်ဆတ်နဲ့ပြောပြီး အိမ်ထဲကို ဝင်သွားလိုက်တယ်။ ဦးလှကတော့ ဒေါ်လှမြိုင် ပြောသွားတဲ့ စကားကို သဘောကျပြီး ဟားတိုက်ရယ်လိုက်တယ်။

(၃)

“ဟဲ့ သီဟ ညဉ့်ကြီးနက်မှ ဘယ်က ပြန်လာတာလဲ။ နင်နဲ့ပါလာတဲ့ သူကရော ဘယ်သူလဲ”
“အမေကလည်း  တိုးတိုးပြောပါဗျ။ သား မိန်းမခိုးလာတာ”

ဘုရားရှိခိုးပြီးလို့ အိပ်ဖို့ပြင်နေတုန်း အပြင်ကအသံတွေကြောင့် အခန်းထဲကနေ နားစိုက်ထောင်နေလိုက်တယ်။ သီဟတို့ သားမိနှစ်ယောက်ရဲ့ တိုးတိုးပြောသံတွေကို ကြားရတော့ ဦးလှ လန့်သွားတယ်။

“အမလေး သီဟရယ်။ နင့်မိဘတွေကို မသနားတော့ဘူးလားဟယ်။ ငါတို့မှာ မရှိမဲ့ ရှိမဲ့နဲ့ နင့်ကို ကျောင်းထားရတာ။ အခုတော့ နင်က မိန်းမယူလာခဲ့ပြီပေါ့။  နင့်အဖေက  နင်ဆယ်တန်းမှာ ဘော်ဒါထားနိုင်ဖို့ သစ်တက်ခုတ်ရင်းနဲ့ အခုလို ဒုက္ခိတဖြစ်သွားတာမှ အားမနာဟယ်”
“ဟာ...အမေကလည်းဗျာ။ အဖေ့ ဘာသာ  နွားကို ဂရုစိုက်မမောင်းလို့ ဖြစ်တာ၊ သားကိုလာပြီး အပြစ်ဖို့နေတယ်”

သီဟ စကားကြောင့် ဦးလှ ရင်တွေနာနေမိ။ စိတ်ထဲကလည်း မကောင်း။ အဲဒီ နေ့က အဖြစ်အပျက်တွေကို ပြန်တွေးတိုင်း ကြက်သီးတွေထမိတယ်။ ဦးလှတို့မှာ နွားတစ်ရှဉ်းနဲ့ လယ်သုံးဧက ပိုင်တယ်။ အဲဒီလယ်သုံးဧကကို နွားတစ်ရှဉ်းနဲ့အတူ ရုန်းကန်လုပ်ကိုင်ခဲ့ရတာ။ တစ်ခါတလေ တောင်ပေါ်တက်ပြီး ဝါးခုတ်တဲ့အခါ ခုတ်၊ ထင်းခုတ်တဲ့အခါခုတ်ပြီး မိသားစုဝမ်းရေးကို ဖြည့်တင်းခဲ့တယ်။ ဦးလှက သီဟကိုလည်း အလွန်ချစ်တယ်။ သီဟ က သူတို့အတွက် ပထမနဲ့ နောက်ဆုံး သားသမီးဆိုတော့ ဖူးဖူးမှုတ်ထားရတယ်။ ဦးလှတို့ အိမ်ထောင်ကျတာ သုံးဆယ် ကျော်အရွယ်မှာကျတာ။ ပထမရင်သွေးတုန်းက အဖတ်မတင်ဘူး။ သီဟက သူတို့အတွက် ရှားရှားပါးပါး သားလေးဆိုတော့ ချစ်လို့မဝဖြစ်နေတာ။ 
ဒေါ်လှမြိုင်က အမေဆိုပေမယ့် ဦးလှ လောက် သီဟအပေါ်ကို သိပ်အကဲမပိုဘူး။ သီဟ ကိုးတန်းဖြေပြီးတော့ ဦးလှက လောဘတက်လာတယ်။ သီဟကို ဆယ်တန်းမှာ ဘော်ဒါဆောင်ထားမယ်။ အဲဒီအတွက်  ကျောင်းတွေမဖွင့်ခင်ကတည်းက ပိုက်ဆံရှာထားမယ်ဆိုပြီး စဉ်းစားလိုက်တယ်။ တောင်သူအလုပ်ကလည်း စားဖို့လောက်ပဲရတာ။ ထင်းခုတ်၊ ဝါးခုတ်ကလည်း လောက်ငရုံလောက်ပဲ။ အဲဒီတော့ အိမ်နားနီးချင်းက ကိုသောင်းခင်တို့နဲ့ သစ်ဆွဲလိုက်မယ်ဆိုပြီး ဆုံးဖြတ် လိုက်တယ်။ ဒေါ်လှမြိုင်ကို ပြောပြတော့ ဒေါ်လှမြိုင်က ကန့်ကွက်သေးတယ်။ ဒါပေမယ့် ဦးလှက  ဘယ်လိုမှ ပြောမရ ဘူး။  နောက်ဆုံးတော့ ဒေါ်လှမြိုင်ကပဲ လက်လျှော့လိုက်ရတာ။ ဦးလှတို့တောင်ပေါ်သွားတာ တစ်လလောက်ကြာတော့ ဒေါ်လှမြိုင်ဆီကို သတင်းဆိုးရောက်လာပါရော။ ဦးလှတစ်ယောက် သစ်ဆွဲရင်းနဲ့ တုံးညပ်လို့  ခြေကျိုးသွားတယ်ဆိုတာ ရောက်လာတယ်။ ကျိုးသွားတဲ့ခြေထောက်က တောင်ပေါ်မှာ နှစ်ရက်လောက်ကြာ သွားတယ်။ ဆေးရုံရောက်တော့ ခြေထောက်က ဒူးအောက်ကနေ ဖြတ်လိုက်ရတယ်။ အခုတော့ သူ့ရဲ့ ပေးဆပ်မှုက သူပေါ့ဆလို့ဖြစ်တာဆိုပြီး သီဟက ပြောတော့ ရင်ထဲမှာ ဝမ်းနည်းမိ။ တိုနေတဲ့ ခြေထောက်တစ်ဖက်ကို ကိုင်ကြည့်ရင်း ဦးလှရဲ့ မျက်ဝန်းအိမ်မှာတော့ မျက်ရည် တို့က ရစ်သန်းလာခဲ့တယ်။

“ကဲ..ကိုလှရေ.. ရှင့်ရဲ့ သားရတနာ ကြီးက မိန်းမခိုးလာတာတဲ့တော်။ အပြင် ခဏထွက်ခဲ့ပါဦး”

ဒေါ်လှမြိုင်ရဲ့  ငေါ်တူးတူးအသံကို ကြားရတော့ ဦးလှလည်း မျက်ရည်တွေကို သုတ်ရင်း ချိုင်းထောက်လေးထောက်ပြီး ထွက်ခဲ့လိုက်တယ်။

(၄)

သီဟတို့ မင်္ဂလာဆောင်ပြီးတော့မှပဲ ဦးလှလည်း သက်ပြင်းချနိုင်တော့တယ်။ဒေါ်လှမြိုင်ကတော့ လယ်ကွက်လေးတွေ ရောင်းလိုက်ရတော့ နှမြောတသသ ဖြစ်လို့။

“ငါ့မှာတော့ ယောက်ျားခြေကျိုးသွားတုန်းကတောင် စီးပွားရေးကို ဟန်မပျက်လုပ်ကိုင်ခဲ့သေးတာ။ အခုတော့ နင် မိန်းမ ယူမှပဲ ငါတို့ ချွေးနှဲစာနဲ့ ဝယ်ထားတဲ့လယ်လေးတွေလည်း ရောင်းလိုက်ရတယ်။

“အမေကလည်းဗျာ  လုပ်ပြီးမှတော့ အပြစ်တင်မနေနဲ့တော့။ အမေတို့ကုန်တာကို ကျုပ်ပြန်ဝယ်ပေးမယ်”

“ဟုတ်ပါတယ် အမေရယ်၊ သမီးတို့ အလုပ်ကြိုးစားပြီး ပြန်ဝယ်ပေးပါ့မယ်”

ဒေါ်လှမြိုင်တို့ စကားဝိုင်းထဲကို ချွေးမဖြစ်တဲ့ မိကြည်ကပါ ဝင်ပြောလိုက်တော့ ဦးလှလည်း မိကြည်ကို အားနာသွားတယ်။

“ကဲ...  လှမြိုင်ရယ်  ကလေးတွေ စိတ်မကောင်းဖြစ်အောင် မပြောပါတော့နဲ့ဟာ။ သူတို့လည်း  မှားခဲ့တာတွေကို ပြန်တွေးပြီး ကြိုးစားပေးမယ် ပြောနေတာပဲဟာ”

ဒေါ်လှမြိုင်က ဦးလှစကားကြောင့် ဦးလှကို မျက်စောင်းထိုးပြီး အိမ်ပေါ်ကို တက်သွားတယ်။
“အဖေကတော့  သားနဲ့ သမီးတို့ မြင်တဲ့အတိုင်းပဲ ဘာမှမလုပ်နိုင်ဘူးနော်”

“စိတ်ချပါ အဖေရယ် ဒီနေ့ကစပြီး အဖေနဲ့အမေ့ကို သားတို့ လုပ်ကျွေးပါ့မယ်”  သီဟတို့  နှစ်ယောက်ရဲ့စကား ကြောင့် ဦးလှ မျက်နှာမှာ ပီတိအပြုံးတို့ကဝေလို့။  အဲဒီအချိန်  ဒေါ်လှမြိုင်ကတော့ မဲ့ရွဲ့ပြီး   “စောင့်ကြည့်တာပေါ့” ဆိုပြီး တိုးတိုးလေးပြောလိုက်တယ်။

(၅)

“အဖေ မထသေးဘူးလား။ မိုးလင်း နေပြီ” မနက်စောစော ဆိုင်ကယ်လီဘာကို ပုတ်ရင်း သီဟက ပြောလိုက်တာ။ မနေ့က တစ်နေကုန် မိုးမိထားတော့ လူကဖျားချင်သလို။ ညကလည်း အိပ်လို့မရ။ ခေါင်းတွေကကိုက် ကိုယ်လက်တွေက နာ၊ ခန္ဓာကိုယ်က ချမ်းနေတာ။ အဲဒီလို ဖြစ်နေတော့ ဦးလှလည်း အိပ်ရာထဲကနေ သီဟကို လှမ်းကြည့်ပြီး ပြောလိုက်တယ်။
“သားရယ် အဖေ ဒီနေ့ နေမကောင်း ဖြစ်ချင်နေတာ။ ဒီနေ့ နားပါရစေကွယ်”

“ဝင်ငွေတွေကကောင်းတော့ နားရက်တောင်းနေပြီပေါ့” မိကြည်က ငေါ်တူးတူးနဲ့ ဦးလှကို လှမ်းပြောလိုက်တယ်။

“အဲဒီလိုမပြောပါနဲ့ သမီးရယ်။ အဖေ တကယ်နေမကောင်းလို့ပါ”

မိကြည်က မဲ့ရွဲ့ပြီး လက်ထဲက ထမင်းအိုးကို လွှတ်ချလိုက်တယ်။

“အဲဒါဆိုလည်း  ပြီးရော။ ဒီနေ့တော့ နားလိုက်တော့။  ဖိုးထော် မင်းအဘကို ငန်းနီကျော်ဝယ်ပြီးတိုက်လိုက်”

သီဟက  သူ့သားအကြီးကောင်ကိုမှာပြီး ဆိုင်ကယ် မောင်းထွက်သွားတယ်။

(၆)

“ကိုသီဟ တော့်အဖေကို လူအိုရုံကို ပို့လိုက်ပါလား”

နေမကောင်းတာ နှစ်ရက်ရှိသွားပေမယ့်  သိပ်ပြီးမသက်သာ။ ရောဂါဒဏ်ကြောင့် အိမ်လို့ကမရ။ ညကလည်း တစ်ညလုံးဖျားတော့ ကောင်းကောင်းအိပ်မပျော်။ တစ်ယောက်တည်း လူးလှိမ့်ပြီး ခံစားနေရတာ။ ဘယ်သူမှလည်း လာမကြည့်ကြဘူး။ တစ်ယောက်တည်း  ဘုရားစာရွတ်ရင်း မိုးအလင်းကို မျှော်နေတာ။ အဖျားက လည်း မိုးလင်းတော့ သက်သာသွားပြီ။အဖျားသက်သာသွားလို့မှ အိပ်မလို့ရှိသေး စောစောစီးစီး မိကြည်ရဲ့ စကားကြောင့် ဦးလှ လန့်သွားတယ်။ စိတ်ထဲကလည်း ပြောရက်လိုက်တာလို့ ဝမ်းနည်းစွာနဲ့ ပြောလိုက်မိတယ်။  အဲဒီအချိန် သီဟ ဘာပြောမလဲလို့ ရင်ခုန်စွာနဲ့ နားထောင် နေလိုက်တယ်။

“လူအိုရုံတော့ မပို့ချင်ပါဘူးဟာ”

သီဟစကားကြောင့် ဦးလှ ဝမ်းသာသွားတယ်။ ရင်ဘတ်ထဲက အလုံးကြီးလည်းကျသွားတယ်။ အားကိုးရကျိုးလည်း နပ်ပြီလို့ တွေးရင်းပီတိတို့ ဖြစ်ပေါ်မိ။

“အိမ်မှာဆိုတော့ တစ်နေ့နှစ်ထောင် ဆိုလည်း နှစ်ထောင်ပဲဟ။ အသုံးဝင်ပါ သေးတယ်ဟာ”
သီဟရဲ့ နောက်ထပ် ထွက်ပေါ်လာတဲ့ စကားကြောင့် စိတ်ထဲကတော့မကောင်း။ ဒါပေမဲ့ သားတွေ မြေးတွေနဲ့ ခွဲနေရမှာနဲ့စာရင်တော့ တော်သေးတယ်လို့ တွေးလိုက်မိတယ်။  သွားလေသူမရှိတဲ့ နောက်ပိုင်း  မိကြည်ရဲ့  အချိုးတွေက ပြောင်းသွားတယ်။ ဦးလှကို မကြည်တော့ဘူး။ မိကြည်တင်မဟုတ် သီဟကပါ မကြည်တာ။ သွေးက အလေးမထားမှတော့ တခြားသူက ဘယ်ထားတော့မလဲ။ တဖြည်းဖြည်းနဲ့ သီဟကလည်း အရက် သမားလုံးလုံးဖြစ်နေပြီ။ အလုပ်ကမလုပ် ဝင်ငွေကမရှိ လင်မယားနှစ်ယောက်က နေ့တိုင်းစကားများ။ သူတို့ရန်ဖြစ်တဲ့အခါ ဦးလှကိုပါ   ထည့်ပြောတော့တာ။ နောက်တော့ သီဟက အရက်မူးပြီး ဦးလှ ကို အလုပ်လုပ်ခိုင်းတော့တာ။ အဲဒီတုန်း ကဆိုရင် ဦးလှခမျာ ဝမ်းနည်းလွန်းလို့ မျက်ရည်တွေကျခဲ့ရတယ်။ မလုပ်ချင်ဘူး အတန်တန်ပြောလည်း မရခဲ့ဘူး။ သီဟက ဦးလှကို  ခေါ်ပြီး  ကားလမ်းဘေးမှာ တောင်းခိုင်းတယ်။ မလုပ်လို့ကတော့ အိမ်ရောက်ရင်  ကလေးတစ်ယောက် ပြောသလိုကိုပြောတာ။  နောက်တော့ လည်း ဦးလှဟာ တောင်းစားတဲ့အလုပ်ကို မလုပ်ချင်ဘဲ လုပ်ခဲ့ရတယ်။ ရတဲ့ပိုက်ဆံကို လည်း အိမ်ရောက်ရင် သီဟကို အပ်ရ တယ်။ များများရတဲ့အခါမှာ ဘာမှမပြော ပေမယ့် နည်းတဲ့ရက်တွေဆိုရင် အဆူခံရ ပြီ။ ဦးလှအတွက်တော့ ဒီအလုပ်လုပ်ရ တာကို ဘယ်တော့မှ ဂုဏ်မယူခဲ့ပေမယ့် ဒီနေ့အတွက်တော့ ဂုဏ်ယူနေမိ။ ဦးလှ ဒီအလုပ်လုပ်နိုင်နေလို့လည်း  သီဟက လူအိုရုံမပို့တာ။ ဦးလှအနေနဲ့ လူအိုရုံကို မသွားချင်။ ဘာဖြစ်လို့လဲဆိုတော့ သီဟနဲ့ မြေးလေးတွေကို မခွဲနိုင်ဘူးဖြစ်နေတာ။

(၇)

မိကြည်စကားကို ကြားပြီးတဲ့နောက် နေမကောင်းပေမယ့် အလုပ်ကို ထွက်ခဲ့ လိုက်တယ်။  ဦးလှ  အလုပ်သွားမယ် ပြောတုန်းက သီဟက သက်သာလို့လားလို့ မေးတယ်။ သီဟကို ခေါင်းပဲညိတ်ပြလိုက် တယ်။ မိကြည်ကတော့ မဲ့ကာရွဲ့ကာနဲ့ ဦးလှကို ကြည့်နေတာ။
ဒီနေ့ကျမှ မိုးက တော်တော်ရွာနေ တာ။ ဘယ်အငြိုးကြောင့် ရွာနေပါလိမ့်လို့ စိတ်ထဲကနေ ညည်းလိုက်မိတယ်။ ညက ဖျားထားတာရော အိပ်ရေးပျက်တာရော ဆိုတော့ လူကမလှုပ်ချင်။ အိမ်ပြန်ရအောင် လည်း ချိုင်းထောက်နဲ့ သွားရမှာဆိုတော့ အဆင်မပြေ။ သီဟကို လှမ်းခေါ်ရင်လည်း မိုးက တအားရွာနေတော့ မခေါ်ချင်။ သီဟ က  အမြဲတမ်းမူးနေတော့ မိုးရွာကြီးထဲ ဆိုင်ကယ်နဲ့ တစ်ခုခုဖြစ်မှာလည်း စိုးရိမ်မိ။ အိတ်ထဲက ပိုက်ဆံလေးတွေကို ကြည့်လိုက်တော့လည်း  ဘယ်လောက်မှမရသေး။ အရင်ရက်ကလို  အဆူမခံရအောင်လို့ မိုးရွာကြီးထဲကို ထိုင်နေလိုက်တယ်။

(၈)

“ဦးလှတစ်ယောက်  ဝဋ်ကျွတ်သွား တာပေါ့ဟယ်”

မြေပုံမို့မို့လေးတစ်ခုရဲ့ဘေးမှာတော့ အမျိုးသမီးအုပ်စုက  တီးတိုးတီးတိုးနဲ့ ပြောလိုက်တာ။ ငိုသူမရှိတဲ့ ဦးလှရဲ့ မြေချ ပွဲလေးက  ရွာသူရွာသားတွေကြောင့် တရုန်းရုန်းနဲ့။  တချို့ကတော့  သီဟနဲ့ မိကြည်ကို ကြည့်ပြီး လုပ်ရက်လိုက်တာလို့ ပြောနေကြတာ။ ။