တိုကျို ၂၄ စက်တင်ဘာ
ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဂျော်ဒန်နိုင်ငံဘုရင် အဗ္ဒူလာတို့သည် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တင်းမာမှုများ လျော့ကျစေရန် သံတမန်နည်းလမ်းဆိုင်ရာ ကြိုးပမ်းမှုများမှတစ်ဆင့် အတူတကွပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် လက်ရှိတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် နယူးယောက်သို့ ရောက်ရှိနေသည်။ ရှင်ဇိုအာဘေးနှင့် အဗ္ဗဒူလာတို့ တွေ့ဆုံဆွေးနွေးရာတွင် ဂျပန်နိုင်ငံအနေဖြင့် ဆီးရီးယားဒုက္ခသည်များနှင့် စပ်လျဉ်းသည့် ရင်ဆိုင်ဖြေရှင်းရမှုများကို အကူအညီပေးရန်နှင့် ဂျော်ဒန်နိုင်ငံ၏ ငွေကြေးအခက်အခဲကို အထောက်အပံ့ပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးစင်္ကြံဟုခေါ်သည့် စီးပွားရေးစီမံကိန်း တစ်ခုမှတစ်ဆင့် ဒေသဆိုင်ရာ ငြိမ်းချမ်းရေးကို ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်း နိုင်ငံများနှင့်အတူ လုပ်ဆောင်သွားမည်ဟုလည်း ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် အဆိုပါစီးပွားရေးစီမံကိန်းကို ပါလက်စတိုင်း၊ အစ္စရေး၊ ဂျော်ဒန်တို့နှင့်အတူ စတင်ခဲ့ခြင်း ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာတို့သည် ဆော်ဒီအာရေဗျနိုင်ငံရှိ ရေနံချက်စက်ရုံများ တိုက်ခိုက်ခံရပြီးနောက် ဖြစ်ပေါ်လာသည့် အမေရိကန်နှင့် အီရန်အကြား မြင့်တက်လျက်ရှိသည့် တင်းမာမှုများ အပါအင် မကြာသေးမီက ရွေးကောက်ပွဲများ ကျင်းပခဲ့သည့် အစ္စရေးနိုင်ငံ၏အခြေအနေတို့နှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်