တိုကျို  မတ်  ၅

အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများကြောင့်  ဂျပန်နိုင်ငံ၏ အရှေ့အလယ်ပိုင်းဒေသသို့ ပို့ကုန်လုပ်ငန်းများ ထိခိုက်လာပြီဖြစ်သောကြောင့် ပို့ကုန်လုပ်ငန်းတွင် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိသည်။ ဂျပန်နိုင်ငံအလယ်ပိုင်းမှ ပလတ်စတစ်မော်ဒယ်ထုတ်လုပ်သူတစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလမှစတင်၍ ဆော်ဒီအာရေဗျနိုင်ငံသို့ ပစ္စည်းများတင်ပို့ခဲ့သည်။ ရောင်းဝယ်ဖောက်ကားမှုလမ်းကြောင်းများ ချဲ့ထွင်ရန် စီစဉ်နေသည့်အချိန်မှာပင်  အရှေ့အလယ်ပိုင်းဒေသ အခြေအနေများ မတည်မငြိမ်ဖြစ်လာသည်။ 

အဆိုပါပစ္စည်းများ ထုတ်လုပ်ရာတွင် အဓိကအသုံးပြုသည့် ကုန်ကြမ်းမှာ ရေနံစိမ်းမှရရှိသည့်အတွက် ဈေးနှုန်းဆက်လက်တိုးမြင့်လာမှုကို ကုမ္ပဏီက  စိုးရိမ်နေရသည်။  ပလတ်စတစ်ဈေး ကြီးမြင့်သွားပါက မိမိတို့၏ အကျိုးအမြတ်များ ထိခိုက်လာမည်ဟု  ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ဟာဆဲဂါဝါ  မာဆာတိုက  ပြောသည်။ 

ဂျပန်လက်ဖက်ရည်ကုမ္ပဏီတစ်ခုကလည်း  ၎င်းတို့၏ထုတ်ကုန်များကို ဒူဘိုင်းမြို့တွင် ရောင်းချလျက်ရှိသည်။ သို့သော်လည်း ဒေသတွင်း လေပိုင်နက်ပိတ်ဆို့ထားမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ဒူဘိုင်းမြို့သို့ ပို့ဆောင်မည့်ကုန်ပစ္စည်းများကို နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားရသည်။ လာမည့်လတွင် လက်ဖက်ရည်အမျိုးအစားအသစ်များ ထွက်ရှိလာတော့မည်ဖြစ်ရာ ကုမ္ပဏီတွင်ပစ္စည်းများပုံနေခြင်းမှ ရှောင်ရှားရန်အတွက်   အခြားသော နိုင်ငံများတွင် ဝယ်လက်များ ရှာဖွေနေရသည်။                        

အင်န်အိတ်ချ်ကေ