တိုကျို   ဇွန်   ၂၃

ဂျပန်နိုင်ငံက အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးပွဲပြန်လည် စတင်နိုင်လိမ့်မည်ဟု  ယုံကြည်ကြောင်း   ဂျပန်နိုင်ငံခြားရေးဝန်ကြီး အီဝါယာ တာကေရှီ က ပြောကြားလိုက်သည်။

အမေရိကန်က အီရန်နိုင်ငံ၏ နျူကလီးယားနေရာများကို တိုက်ခိုက်ပြီးနောက် တစ်ရက်အကြာ ဇွန် ၂၃ ရက်တွင်  တာကေရှီက အထက်ပါကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးစနစ်ကို   ထိန်းသိမ်းရန်  အီရန်နိုင်ငံ၏  နျူကလီးယား ဖော်ဆောင်မှုကို ခွင့်မပြုရဟုဆိုသည့် ရပ်တည်ချက်အပေါ် အခြေခံကာ အီရန်နျူကလီးယားကိစ္စရပ်နှင့်ပတ်သက်၍   စိုးရိမ်ကြောင်း  ဂျပန်က ပြောကြားခဲ့သည်ကို အဆိုပါကြေညာချက်တွင်  ထည့်သွင်းဖော်ပြထား သည်။

ထို့အပြင် ဂျပန်နိုင်ငံသည်  အမေရိကန်၊  အခြားသောနိုင်ငံများနှင့်အတူ ပူးပေါင်း၍ အဆိုပါကိစ္စရပ် ကို ဖြေရှင်းဆောင်ရွက်ရန် သံတမန်ရေးရာကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ အရေးအကြီးဆုံးအချက်မှာ အခြေအနေကို အမြန်ဆုံးတည်ငြိမ်အောင်   ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်  အီရန်၏ နျူကလီးယားဖော်ဆောင်မှုကို  တားဆီးရန်ဖြစ်ကြောင်း တာကေရှီက ပြောသည်။

တာကေရှီသည် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပြန်ပွင့်လာရေးအတွက် အလေးအနက်ထား  မျှော်လင့်လျက်ရှိကြောင်း၊  အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတွင် ဂျပန်နိုင်ငံ အတွက် အလွန်အရေးကြီးကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းများနှင့် ပူးပေါင်းကာ လိုအပ်သည့် သံတမန်ရေးကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက    ထပ်လောင်းပြောကြားလိုက်သည်။                                                           

အင်န်အိတ်ချ်ကေ