အစ္စလာမ္မာဘတ် မတ် ၂၉
ပါကစ္စတန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဆာယိ အဗတ် အေရာချီနှင့် ဖုန်းဖြင့်ဆွေးနွေးရာတွင် ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အက်ဟက်ဒါးက ကတိပြုပြောကြားသည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးက မတ် ၂၉ ရက်တွင် ပြောကြားသည်။
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရေးအတွက် သံတမန်နည်းလမ်းဖြင့် ဆွေးနွေးခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု အက်ဟက်ဒါးက ပြောကြားသည်။ တိုက်ခိုက်မှုများနှင့် ရန်လိုမှုများကို အဆုံးသတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပါကစ္စတန်အနေဖြင့် ငြိမ်းချမ်းစွာဖြေရှင်း ဆောင်ရွက်ခြင်းကိုသာ လိုလားကြောင်း ၎င်းကပြောကြားသည်။
အီရန်အနေဖြင့် လက်ရှိအချိန်တွင် ဟော်မုဇ်ရေလက်ကြားမှ ပါကစ္စတန်သင်္ဘော အစင်း ၂၀ ကို ဖြတ်သန်းခွင့်ပြုခဲ့ကြောင်းနှင့် ယင်းဆောင်ရွက်ချက်သည် အပြုသဘောဆောင်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးမြှင့်တင်ရန် ပံ့ပိုးခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


