၁၄  ဇွန်

 

အခုသီတင်းပတ်အတွင်းမှာပဲ ပေါ်ပေါက်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အီရန်ခရီးစဉ်ဟာဆိုရင် ဂျပန်ဝန်ကြီးချုပ် တစ်ဦးအနေနဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အီရန်ကို သွားရောက်ခြင်းပါပဲ။ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဂျပန်နိုင်ငံရဲ့အခန်းကဏ္ဍကို မြှင့်တင်ဖို့ ကြိုးပမ်းမှုတစ်ရပ်ပါပဲ။ ဗုဒ္ဓဟူးနေ့မှာပဲ သူဟာ တီဟီရန်ကို ရောက်ပါတယ်။ အမေရိကန်နဲ့ အီရန်တို့အကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုမှာ ဂျပန်က ကြားဝင်ပေးဖို့ ကြိုးပမ်းနေပါတယ်။ နောက်ပြီး အမေရိကန်နဲ့ အီရန်အကြား သဘောထားတင်းမာမှုတွေကို ဖြေလျှော့ပေးဖို့ မျှော်လင့်ထားပါတယ်

 

မေရိကန်နဲ့ အီရန်တို့အကြား မပြေလည်မှု

 

အမေရိကန်နဲ့ အီရန်ကြားက သဘောထားတင်းမာမှုတွေကတော့ ၂၀၁၅ အီရန်နျူကလီးယား သဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်သွားတာက အစပြုပါတယ်။ အဲဒီနောက်မှာတော့ အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံရဲ့ ဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့ပါတယ်။ နောက်ဆုံးအခြေအနေကို အဆိုးဆုံးဖြစ်သွားစေ တဲ့အရာကတော့ ပါရှန်ပင်လယ်ကွေ့ကို အမေရိကန်က နောက်ထပ်တပ်ဖွဲ့တွေ စေလွှတ်လိုက်တဲ့ အခါမှာပဲ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အကြောင်းပြချက်ကတော့ အီရန်ဟာ အမေရိကန်တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ကြံစည်နေလို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ရတာလို့ အကြောင်းပြချက် ပေးထားပါတယ်။

 

ဂျပန်အတွက် ခေါင်းခဲစရာ

 

သဘောထားတင်းမာပြီး တစ်ဖက်နဲ့တစ်ဖက် ရန်စောင်နေကြတာကတော့ အမေရိကန်နဲ့အီရန်တို့ပါ။ ဒါပေမယ့် ကြားထဲက ဂျပန်စီးပွားရေး ခေါင်းဆောင်တွေအနေနဲ့ ခေါင်းခဲစရာ ဖြစ်လာပါတယ်။ အမေရိကန်ရဲ့ ဖိအားပေးမှုအောက်မှာ ဂျပန်ဟာ အီရန်က ရေနံတင်သွင်းမှုကို ရပ်တန့်ထားရတယ်။ ဂျပန်နဲ့ အီရန်ဟာ ၂၀၁၅ အီရန် နျူကလီးယားသဘောတူစာချုပ်ကို ထောက်ခံခဲ့ပြီး အဲဒီစာချုပ်ကနေ အမေရိကန်နုတ်ထွက်သွားတာကြောင့် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ နောက်ပြီး ဒီလုပ်ရပ်ဟာ တကယ်ကို မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ တိုကျိုတမ်ပယ်တက္ကသိုလ်မှာရှိတဲ့ အာရှရေးရာဆိုင်ရာ ညွှန်ကြားရေးမှူး ပါမောက္ခဂျက်ကင်စတန်က ပြောပါတယ်။ အခုလတ်တလောမှာတော့ အီရန်ကရေနံကို တင်သွင်းခွင့် မရတာဟာ ဂျပန်အတွက် အဆင်ပြေနေသေးပေမယ့် အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေကြောင့် ရေနံဈေး မြင့်တက်လာနိုင်ပါတယ်။ ဒါဆိုရင် ဂျပန်ကိုလည်း ထိခိုက်မှုအများကြီး ဖြစ်လာနိုင်ပါတယ်။ ရေနံရရှိဖို့ သေချာစေရေးအတွက် ဂျပန်ဟာ အရှေ့အလယ် ပိုင်းက နိုင်ငံတွေနဲ့ မိတ်မပျက်နေလိုပါတယ်။

 

အခွင့်အရေးတစ်ခုဖြစ်လာနိုင်

 

ဂျပန်နဲ့ အီရန်ဆိုတာ အရင်ကတည်းက ရင်းနှီးမှုရှည်ကြာတဲ့ နိုင်ငံတွေပါပဲ။ အမေရိကန်ရဲ့ ပိတ်ဆို့မှုဖိအားတွေကို စိုးရိမ်ရတာကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးအဖွဲ့အစည်းတွေဟာ အီရန်နဲ့လက်တွဲဖြုတ်ခဲ့ရပါတယ်။ ဂျပန်ဝန်ကြီးချုပ်အတွက်တော့ ဒီအကျပ်ကျပ်အတည်းဟာ အခွင့်အရေးတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ နိုဝင်ဘာလအတွင်းမှာ သူဟာ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်တဲ့သူ ဖြစ်လာပါတယ်။ ဒါပေမယ့်လည်း သူ့မှာ နိုင်ငံရေးအရ ရုန်းကန်ရမှာတွေ အများကြီးရှိနေပါသေးတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားတို့လို နိုင်ငံတွေနဲ့ သံတမန်ရေးရာအရ ကမ်းလှမ်းမှုတွေမှာ အောင်မြင်အောင်လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ မစ္စတာအာဘေးဟာ အမေရိကန်သမ္မတ ထရမ့်နဲ့ ပုဂ္ဂိုလ်ရေးရာအရ ခင်မင်မှုကိုလည်း အသုံးချပြီး စေ့စေ့စပ်စပ်ကြိုးစားပါတယ်။ သမ္မတထရမ့်ဟာ မစ္စတာအာဘေး အီရန်ကို သွားရောက်မှာကို ထောက်ခံတယ်လို့ ပြောကြားခဲ့သူပါ။ မစ္စတာအာဘေးရဲ့ သံတမန်နည်းလမ်းအရ ကြိုးစားမှုခရီးစဉ်မှာ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီ၊ အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။

 

ဆန္ဒပြကြ

 

သဘောထားတင်းမာတဲ့ ကျောင်းသားတွေကတော့ တီဟီရန်မှာရှိတဲ့ Mehrabad အပြည်ပြည်ဆိုင်ရာ လေဆိပ်အပြင်ဘက်မှာ ရောက်ရှိကြပြီး အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုကို ဖြေလျှော့ပေးဖို့ မစ္စတာအာဘေးရဲ့ ကြိုးပမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲ မတိုင်မီ မစ္စတာအာဘေးနဲ့ အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီတို့ တွေ့ဆုံစဉ်မှာတော့ ဂျပန်ဝန်ကြီးချုပ်က ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် တောင်းဆိုခဲ့ပါတယ်။ သဘောထားတင်းမာမှုများ မြင့်တက်နေချိန် အရှေ့အလယ်ပိုင်းဒေသမှာ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအားကောင်းလာဖို့ရာ အီရန်နိုင်ငံက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်လို့ မစ္စတာအာဘေးက ပြောပါတယ်။ သမ္မတ ရိုဟာနီကတော့ အီရန်နိုင်ငံဟာ အမေရိကန်နဲ့ ပဋိပက္ခမဖြစ်လိုဘူး။ ဒါပေမယ့် အီရန်ကို ထိခိုက်လာပြီဆိုရင် ပြန်လည်တုံ့ပြန်မှုတွေ လုပ်သွား မယ်လို့ ပြောခဲ့ပါတယ်။

 

ဂျပန်-အီရန် ဆက်ဆံရေး

 

ဂျပန်ဟာ အမေရိကန်နဲ့ရော အီရန်နဲ့ပါရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အီရန်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာဆိုရင် ဂျပန်အတွက် အရေးပါတဲ့ ရေနံထောက်ပံ့ပေးတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ မစ္စတာအာဘေးဟာ ဂျပန်ဝန်ကြီးချုပ်ဖြစ် လာချိန်ကစလို့ အီရန်သမ္မတနဲ့ ခြောက်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ဖူးပါတယ်။ ဂျပန်နဲ့ အီရန်တို့ကြား နှစ်ပေါင်း ၉၀ သံတမန်ဆက်ဆံရေးဆိုတာဟာလည်း ခိုင်မာလှတဲ့ အချက်တစ်ချက်ပါပဲ။ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဂျပန်ဟာ အရင်တုန်းကလည်း ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးသူ ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၈၄ ခုနှစ် အီရန်-အီရတ်စစ်ပွဲ မှာ မစ္စတာအာဘေးရဲ့ဖခင်ဟာ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မစ္စတာအာဘေးရဲ့ဖခင်ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး စစ်ပွဲပြီးဆုံးဖို့အတွက် ညှိနှိုင်းပေးရာမှာ အောင်မြင်မှုမရခဲ့ပါဘူး။

 

စေ့စပ်ပေးမှု အောင်မြင်နိုင်ပါ့မလား

 

အခုတစ်ကြိမ်မှာလည်း ဂျပန်ဟာ အီရန်နဲ့အမေရိကန်တို့အကြား ကြားဝင်စေ့စပ်ပေးမှုဟာ အောင်မြင်နိုင်မလားဆိုပြီး လေ့လာသူတွေက သံသယဝင်ကြပါတယ်။ တိုကျိုမှာရှိတဲ့ အာရှလေ့လာ ရေးဆိုင်ရာ အင်စတီကျုမှ အကြီးအကဲ ရောဘတ် ဒူရာရစ်ကတော့ အမေရိကန်နဲ့ အီရန်တို့အကြား စေ့စပ်ညှိနှိုင်းပေးဖို့အတွက် အခွင့်အရေးကတော့ သုညပါပဲလို့ ပြောခဲ့ပါတယ်။ အီရန်နိုင်ငံကိုလာပြီး ဆွေးနွေးတဲ့အခါ အနောက်နိုင်ငံတွေနဲ့ မတူညီတာက ဂျပန်ဟာ သမိုင်းကြောင်းအရကော ဘာသာရေးအရပါ ဝန်ထုပ်ဝန်ပိုးကင်းပါတယ်။ ဒါပေမယ့်လည်း အီရန်ကတော့ ဂျပန်ကို အရိုးသားဆုံး စေ့စပ်ညှိနှိုင်းပေးသူလို့ မြင်ဖို့မဖြစ်နိုင်သေးဘူးလို့ မစ္စတာ ကင်စတန်က ပြောပါတယ်။

 

မျှော်လင့်ချက်အနည်းငယ်သာထား

 

စေ့စပ်ညှိနှိုင်းသူကောင်းဆိုတာ နှစ်ဖက်စလုံးက ဘက်လိုက်မှုကင်းသူလို့ မြင်မှလည်း ဖြစ်မှာပါ။ ဒါပေမယ့် မစ္စတာအာဘေးနဲ့ အမေရိကန်သမ္မတ ထရမ့်ဟာ ဂျပန်နိုင်ငံမှာ တွေ့ဆုံခဲ့ကြပြီး မိတ်ကောင်းဆွေကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။ အမေရိကန်နဲ့ နီးကပ်လွန်းသူဖြစ်တာကြောင့် မစ္စတာအာဘေးဟာ ဘက်လိုက်မှုကင်းတယ်လို့ အီရန်က ယူဆပါ့မလား လို့ မစ္စတာကင်စတန်က ဆက်ပြောပါတယ်။ ဂျပန်ကို အမေရိကန်ရဲ့ မဟာမိတ်အဖြစ်ရော၊ သမ္မတထရမ့်နဲ့ မစ္စတာအာဘေးတို့ဟာ ရင်းနှီးသူတွေလို့ရော အီရန်ဘက်က မြင်လိမ့်မယ်လို့ သူကဆက်ပြောပါတယ်။ ဒါကြောင့်မို့ လေ့လာသုံးသပ်သူ အများစုကတော့ အခုခရီးစဉ်ကို မျှော်လင့်ချက် အနည်းငယ်သာ ထားကြပါတယ်။

 

တိုးတက်မှုတွေ ရှိလာနိုင်

 

ရှင်ဇိုအာဘေးအတွက်တော့ အခုခရီးစဉ်ဟာ အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်။ လာမယ့်လအတွင်း ဂျပန်အထက်လွှတ်တော်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ရှိပြီး အခုခရီးစဉ်ကြောင့် မစ္စတာအာဘေးရဲ့ အနေအထားမှာ တိုးတက်မှုတွေ ရှိလာနိုင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပြည်တွင်းပြည်ပလုပ်ဆောင်မှုတွေကို မစ္စတာအာဘေးက ပြသလိုပါတယ်။ ဒါကြောင့် တီဟီရန်ခရီးစဉ်ဟာ မစ္စတာအာဘေးအတွက် အခွင့် အရေးဖြစ်လာနိုင်ပါတယ်လို့ ဂျပန်သံတမန်ဟောင်းနဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်းရဲ့ မူဝါဒဆိုင်ရာအကြံပေးဖြစ်သူ ယူကီအို အိုကာမိုတိုက ပြောပါတယ်။ နိုင်ငံခြားရေးမူဝါဒတွေဟာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မဖြစ်နိုင်ပေမယ့် မစ္စတာအာဘေးကို ပိုမိုအင်အားကောင်းလာဖို့တော့ ဖြစ်နိုင်ပါတယ်လို့ မစ္စတာ ကင်စတန်က သုံးသပ်ခဲ့ပါတယ်။ ။

 

ခြူးစန္ဒီနွေး

 

ကိုးကား - ဘီဘီစီ၊ နယူးယောက်တိုင်းမ်