ခြူးစန္ဒီနွေး - ရေးသားသည်
ပြီးခဲ့တဲ့ မေ ၉ ရက်တုန်းက ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ထရမ့်ရဲ့ အမျိုးသားလုံခြုံရေး ထိပ်တန်းအရာရှိကြီးတွေ တွေ့ဆုံပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးတာဝန်ယူထားတဲ့ ပက်ထရစ် ရှာနာဟန်က အရှေ့အလယ် ပိုင်းဒေသကို အမေရိကန်တပ်ဖွဲ့ဝင် ၁၂၀ဝ၀ဝ ခန့်စေလွှတ်မယ့် စစ်ရေးအစီအစဉ်ကို တင်ပြခဲ့ပါတယ်။ အီရန်က အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်လာတာ ဒါမှမဟုတ် နျူကလီးယားလက်နက် ကို ရှေ့ဆက်လုပ်ကိုင်တာမျိုးလုပ်လာခဲ့ရင် တုံ့ပြန်နိုင်ဖို့ အစီအစဉ်လည်း ဖြစ်ပါတယ်။ ဒီလိုမျိုးဆွေးနွေးကြတာကို သဘောထားတင်းမာတဲ့ အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်အာဘော်တန်က စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
သဘောထားတင်းမာသူ
မစ္စတာ ဘော်တန်ဟာ အီရန်နိုင်ငံနဲ့ ပတ်သက်လာရင် သဘောထားတင်းမာသူဖြစ်ပြီး အီရန်နဲ့ ထိပ်တိုက်ရင်ဆိုင်လိုတဲ့သူလည်း ဖြစ်ပါတယ်။ အီရန်နဲ့ ထိပ်တိုက်တွေ့မယ့် အစီအစဉ်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ခန့် သမ္မတ ဂျော့ဒဗယ်လျူ ဘုရှ်လက်ထက်ကတည်းက လျစ်လျူရှုခံထားရ တာပဲ ဖြစ်ပါတယ်။ မစ္စတာ ဘော်တန်ဟာ ၂၀၁၈ ခုနှစ်မှာ အမျိုးသားလုံခြုံရေးအကြံပေးစဖြစ် ကတည်းက အီရန်ကို အထီးကျန်ဖြစ်စေမယ့် ဖိအားတွေပေးခဲ့ပါတယ်။ ဂျော့ဒဗယ်လျူဘုရှ် အစိုးရအဖွဲ့မှာ လုပ်စဉ်ကတည်းက အီရန်ခေါင်း ဆောင်တွေ အပေါ် သူ့ရဲ့ သဘောထားက အတော် လေးတင်းမာပါတယ်။
သဘောထားကွဲလွဲနေကြ
သမ္မတ ထရမ့်ဟာ ဆီးရီးယားနဲ့ အာဖဂန် နစ္စတန်တို့မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန်လည် ရုပ်သိမ်းချင်နေပါတယ်။ ဒီလိုမျိုး သဘောထားရှိတဲ့ ထရမ့်ဟာ အရှေ့အလယ်ပိုင်းကို နောက်ထပ်တပ်ဖွဲ့ဝင်တွေ ထပ်ပြီးစေလွှတ်ဖို့ ဆန္ဒရှိ ပါဦးမလားဆိုတာကတော့ သေချာမသိရပါဘူး။ တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်အစီ အစဉ်တွေကို ထရမ့်က ညွှန်ကြားခဲ့သလားဆိုတာလည်း မသေချာပါဘူး။ အစိုးရအဖွဲ့ အတွင်းမှာကိုပဲ အီရန်နဲ့ပတ်သက်ပြီး သဘောထားတွေ ကွဲလွဲကြပါတယ်။ အီရန်ဟာ သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို ပြန်လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့မှုရယ်၊ အရှေ့အလယ်ပိုင်းဒေသမှာ အီရန်ရဲ့ ပါဝင်ပတ်သက်မှုတွေကြောင့် သဘောထားတင်းမာမှုတွေဟာ တဖြည်းဖြည်း မြင့်တက်လာပါတယ်။ အီရန် ဘက်ကနေ ဘယ်လိုမျိုးအန္တရာယ်များတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာမလဲဆိုတာကို အမေရိကန်အဆင့်မြင့် အရာရှိကြီးအချို့က ခန့်မှန်းနေကြပါတယ်။ အခြား အရာရှိကြီးတွေကတော့ လက်ရှိနှစ်နိုင်ငံကြား အခြေအနေ တင်းမာမှုတွေကို သံတမန်နည်းလမ်း အရသာ အဖြေရှာသင့်တယ်လို့ တိုက်တွန်းကြပြန်ပါတယ်။
ဥရောပခေါင်းဆောင်များက စိုးရိမ်
အီရန်နဲ့ အမေရိကန်တို့ကြား အခြေအနေတွေ တင်းမာနေတာကို ဥရောပခေါင်းဆောင်တွေကလည်း စိုးရိမ်ကြပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုနဲ့ ဥရောပ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီလို တွေ့ဆုံခဲ့ကြစဉ်မှာလည်း လက်ရှိအခြေအနေတွေကို ဖြေလျှော့နိုင်ဖို့ အမေရိကန် ဘက်က သဘောထားကြီးမှုကို ပြသပါလို့လည်း တောင်းဆိုခဲ့ကြပါတယ်။ အမေရိကန်အမျိုးသား လုံခြုံရေးအရာရှိတွေ ရှင်းလင်းပြတဲ့ စစ်ရေးအစီအစဉ်မှာဆိုရင် အရှေ့အလယ် ပိုင်းဒေသကို လွှတ်မယ့် တပ်ဖွဲ့ဝင်အရေအတွက်ဟာ အံ့ဩဖို့ ကောင်းပါတယ်။ ၂၀ဝ၃ ခုနှစ်က အီရတ်ကို အမေရိ ကန်တွေ ကျူးကျော်တုန်းက အရေအတွက်နီးပါး လောက်ရှိပါတယ်။ အီရတ်ကို ဝင်ရောက်တုန်းက အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်ဟာ ၁၂၀ဝ၀ဝ ခန့်ရှိပါတယ်။ ၂၀၁၁ ခုနှစ် အမေရိကန်သမ္မတ ဘားရက်အိုဘားမားလက်ထက်မှာ အရှေ့အလယ် ပိုင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချခဲ့ပြီး အီရတ်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ အခု အရှေ့အလယ်ပိုင်း ဒေသကို တပ်ဖွဲ့ဝင်တွေ ထပ်ပြီးစေလွှတ်ခဲ့မယ်ဆိုရင် အိုဘားမားလက်ထက်တုန်းက အခြေအနေနဲ့ ပြောင်းပြန်ဖြစ်နေမှာပါ။
ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရ
သမ္မတ ထရမ့်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူဖို့ ကြေညာခဲ့တဲ့နောက်မှာတော့ အရှေ့အလယ်ပိုင်းဒေသမှာ ရေတပ်ရဲ့ ပါဝင်မှုကိုလည်း လျှော့ချခဲ့ပါတယ်။ ဒီလိုပြုလုပ်လိုက်ခြင်း အားဖြင့် အီရန်ခေါင်းဆောင်တွေကို ရဲဆေးတင် ပေးလိုက်သလိုပဲလို့ အမေရိကန် အမျိုးသားလုံခြုံရေးအရာရှိနှစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ယူအေအီးကမ်းရိုး တန်းနားမှာ ရှိတဲ့ ရေနံတင်သင်္ဘောအချို့ဟာ အကြောင်းမဲ့ သက်သက် တိုက်ခိုက်ခံရပြန်ပါတယ်။ ဒါကြောင့် လည်း ပင်လယ်ကွေ့ဒေသ သင်္ဘောသွားလာမှုမှာ စိုးရိမ်မှုတွေ တိုးလာပါတယ်။ ယူအေအီးအရာရှိ တွေကတော့ ဘယ်သူတွေက ဒီလိုမျိုးတိုက်ခိုက် သွားတာလည်းလို့ စုံစမ်းကြပါတယ်။
အမေရိကန်၏ သံသယ
အမေရိကန်ကတော့ အီရန်ရဲ့ လက်ချက်လား လို့ သံသယဝင်ပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စမှာ အီရန်ရဲ့ ပါဝင်မှုကို မတွေ့ရသလို အီရန်ကထောက်ပံ့ ပေးထားတဲ့ အဖွဲ့အစည်းတွေရဲ့ ပါဝင်ပတ်သက်မှုကို လည်း မတွေ့ရပါဘူး။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ဒီဖြစ်ရပ်ဟာ အလွန် စိတ်မကောင်းစရာဖြစ်ရပ်လို့ ပြောဆိုခဲ့ပါတယ်။ ဘရပ်ဆဲလ်မြို့မှာတော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟာ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က နိုင်ငံ ခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့သလို အီးယူ အဖွဲ့ရဲ့ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲဖြစ်သူ ဖီဒရီကာ မိုဟီရီနီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ လက်ရှိ အခြေအနေတွေဟာ အီရန်နဲ့ ပဋိပက္ခဖြစ်တဲ့ဆီကို ဦးတည်နိုင်တဲ့အတွက် အမေရိကန်ဘက်က ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ ဥရောပခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဂျရယ်မီဟန့်ကလည်း လက်ရှိအခြေအနေ တွေကနေ ပိုဆိုးလာမှာကို စိုးရိမ်မိတယ်လို့ ပြောပါ တယ်။
စာချုပ်ဆက်လက်ထိန်းသိမ်းသွားဖို့ တောင်းဆို
အီရန်အစိုးရဘက်ကတော့ ကြမ်းကြမ်းတမ်း တမ်းခြိမ်းခြောက်မှုတွေ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ သီတင်းပတ်ကတော့ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက အီရန်ဟာ နျူကလီးယားစာချုပ်ကနေ ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အမေရိကန်ကတော့ လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကစပြီး အီရန် နျူကလီးယား သဘောတူစာချုပ်ကနေ နုတ်ထွက် ခဲ့တာပါ။ ဒါပေမယ့် ဥရောပနိုင်ငံတွေကတော့ အီရန် အနေနဲ့ ဒီစာချုပ်ကို ဆက်လက်ထိန်းသိမ်းသွားဖို့နဲ့ သမ္မတထရမ့်ရဲ့ အပြုအမူတွေကို လျစ်လျူရှုဖို့ တိုက်တွန်းကြပါတယ်။
ပဋိပက္ခမဖြစ်လို
အီရန်နဲ့ပတ်သက်ပြီး ပင်တဂွန်ရဲ့ အစီအစဉ်တွေကို ပြန်လည်သုံးသပ်တဲ့ပွဲကိုတော့ မစ္စတာ ရှာနာဟန်၊ မစ္စတာ ဂျွန်ဘော်တန်၊ စီအိုင်အေညွှန်ကြားရေးမှူးနဲ့ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြပါတယ်။ အမေရိကန်သမ္မတဟာ အီရန်နဲ့ စစ်ရေးအရ ပဋိပက္ခ ဖြစ်ဖို့ စိတ်မဝင်စားပါဘူး။ အီရန်ခေါင်းဆောင်ပိုင်း တွေနဲ့ ဆွေးနွေးသွားချင်တာလို့ အမျိုးသားလုံခြုံရေး ကောင်စီက ပြောရေးဆိုခွင့်ရှိသူ ဂါရတ် မာကွစ်က ပြောပါတယ်။
လက်တုံ့ပြန်ဖို့ လက်မခံ
ပြီးခဲတဲ့နှစ် စက်တင်ဘာလအတွင်းမှာတော့ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကို အီရန်က ကျောထောက်နောက်ခံပြုထားတဲ့ စစ်သွေးကြွတွေက ဝင်ရောက်ပစ်ခတ်ခဲ့ပါ တယ်။အဲဒီတုန်းကလည်း အီရန်ကို လက်တုံ့ပြန်ဖို့ မစ္စတာ ဘော်တန်က တောင်းဆိုခဲ့ပါတယ်။ အဲဒီတုန်းက ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်နဲ့ အခြားတပ်မှူး တွေဟာ အီရန်ကို လက်တုံ့ပြန်ဖို့ အစီအစဉ်ကို လက်မခံခဲ့ကြပါဘူး။ ကျိုးကြောင်းမဆီလျော်ဘူး ဆိုပြီး ငြင်းဆိုခဲ့ကြပါတယ်။ အခုအချိန်မှာလည်း အီရန်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ စစ်ရေး အရ ထိပ်တိုက်ရင်ဆိုင်တာမျိုးမဟုတ်ဘဲ သံတမန် နည်းလမ်းအရ အဖြေရှာနိုင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်လာမှာပါ။ ။
ကိုးကား- နယူးယောက်တိုင်းမ်