တိုကျို မတ် ၈

အရှေ့အလယ်ပိုင်းဒေသတွင် ရောက်ရှိနေသည့် ဂျပန်နိုင်ငံသားများအား  ကယ်ဆယ်ရန် ဂျပန်အစိုးရက ငှားရမ်းထားသောစင်းလုံးငှား လေယာဉ်သည် အိုမန်နိုင်ငံမှ ဂျပန်နိုင်ငံ  နာရီတာလေဆိပ်သို့   မတ် ၈ ရက်  ည ၇ နာရီခွဲတွင်   ဆိုက်ရောက်လာခဲ့ကြောင်း  သိရသည်။

ဂျပန်အစိုးရသည် ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊  အာရပ်စော်ဘွားများ   ပြည်ထောင်စုနိုင်ငံများသို့   ရောက်ရှိနေသည့် ဂျပန်နိုင်ငံသားများကို အိုမန်နှင့် ဆော်ဒီအာရေဗျနိုင်ငံများမှတစ်ဆင့် ဂျပန်နိုင်ငံသို့ စင်းလုံးငှားလေယာဉ်ဖြင့်   ပြန်နိုင်ရေးဆောင်ရွက်နေသည်။

ထို့ပြင် အရှေ့အလယ်ပိုင်းဒေသတွင် ရောက်ရှိနေသည့် ဂျပန်နိုင်ငံသားများအား ကယ်ဆယ်ရေးလုပ်ငန်းများ   ဆောင်ရွက်ရန်အတွက် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ လေယာဉ်တစ်စင်းအား  မော်လ်ဒိုက်နိုင်ငံသို့ ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးလေယာဉ်စေလွှတ်ရန် ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအိဇူမိ ရှင်ဂျီရိုက ညွှန်ကြားခဲ့ပြီးနောက်  ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည်။

ပြောကြား

ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ကယ်ဆယ်ရမည့်အရေအတွက်မှာ မူလက တွက်ချက်ထားသည်ထက် များပြားသောကြောင့်ဖြစ်သည်ဟု သိရသည်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားများ နေရပ်သို့ပြန်လည်ရောက်ရှိရေးအတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများနှင့်   ညှိနှိုင်းဆောင်ရွက်နေကြောင်း   သိရသည်။  ၎င်းကယ်ဆယ်ရေးခရီး စဉ်များတွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးရှိသူများအား ဦးစားပေးမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတာဂီ တိုရှီ မတ်ဆုက ပြောကြားသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ‌ ဆောင်ရွက်ရာတွင် ကူဝိတ်၊ ဘာရိန်း၊ ကာတာနှင့် ယူအေအီးနိုင်ငံများရှိ   ဂျပန်နိုင်ငံသားများအား ကုန်းလမ်းဖြင့် ဆော်ဒီအာရေဗျနှင့်  အိုမန်သို့ ပို့ဆောင်ပြီး ၎င်းနိုင်ငံများမှ   လေယာဉ်ဖြင့်   ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ