တိုကျို ၊ ၁၁ ဒီဇင်ဘာ
ဂျပန်အစိုးရသည် အရှေ့အလယ်ပိုင်းဒေသရှိ ဂျပန်ရေကြောင်းကိုယ်တိုင်ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ကို သက်တမ်းတစ်နှစ်ထပ်တိုးရန် ယနေ့အတည်ပြုလိုက်ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသရှိ ဂျပန်ရေကြောင်းကိုယ်တိုင်ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်တွင် အဓိကအားဖြင့် ဟော်မုဇ်ရေလက်ကြား ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်သော သတင်းအချက်အလက် စုဆောင်းရေးဆိုင်ရာ လှုပ်ရှားမှုများလည်း ပါဝင်ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေစဉ် ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်း သွားလာမည့် ဂျပန်ကုန်တင်သင်္ဘောများ၏ ဘေးကင်းလုံခြုံမှုထိန်းသိမ်းရန် လိုအပ်သည့်အတွက် အရှေ့ အလယ်ပိုင်းဒေသရှိ ဂျပန်ရေတပ်၏ တာဝန်ကို လာမည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်အထိ သက်တမ်းထပ် တိုးရန် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရက ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလမှ စ၍ အရှေ့အလယ်ပိုင်းဒေသ၌ ဂျပန်ကိုယ်တိုင်ကာကွယ်ရေး ရေတပ်ဖြန့်ကြက်ထားစဉ် အတွင်း ဂျပန်သင်္ဘောများအနေဖြင့် အဆိုပါ ဒေသ၌ ဒုက္ခတစ်စုံတစ်ခုမျှ မကြုံတွေ့ခဲ့ကြောင်း ဂျပန်ကာကွယ် ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြတ်သန်းသွားလာသော ဂျပန်ကုန်တင်သင်္ဘောများအား အကာကွယ်ပေးရန် ချက်ချင်းမလိုအပ်သေးသော်လည်း အမေရိကန်နှင့် အီရန်တို့အကြား ပဋိပက္ခသည် လက်ရှိအချိန်အထိ ပြောင်း လဲမှုမရှိသေးကြောင်း ဂျပန်အစိုးရတာဝန်ရှိသူ ကတ်ဆူနိုဘူကာတိုက သတင်းစာရှင်းလင်းပွဲတစ်ရပ်အတွင်း ထည့်သွင်းပြောကြားခဲ့သည်။
ဂျပန်အစိုးရသည် ဂျပန်နှင့် အီရန်အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန် အလို့ငှာ ဟော်မုဇ်ရေလက်ကြား၌ ဖြတ်သန်းသွားလာသည့် သဘောများအား အကာကွယ်ပေးရန် ဖွဲ့စည်းထား သည့် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့တွင် ပါဝင်ခြင်းမပြုရန် ရွေးချယ်ထားသည်။
ဂျပန်အစိုးရသည် လက်ရှိအချိန်အထိ P-3C အမျိုးအစား ကင်းလှည့်လေယာဉ်များနှင့် ရဟတ်ယာဉ်တင်ဆောင် နိုင်စွမ်းရှိသည့် ဖျက်သင်္ဘောများကို ဂျပန်ရေတပ်ဖွဲ့နှင့် အတူ အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ထားသည်။
ဂျပန်အစိုးရသည် ၎င်း၏ ရေနံစိမ်းတင်သွင်းမှု ၉၀ ရာခိုင်နှုန်းကျော်အတွက် အရှေ့အလယ်ပိုင်းဒေသကို အား ထားလျက်ရှိရာ ဒေသအတွင်း ဂျပန်သင်္ဘောများ ဖြတ်သန်းသွားလာမှု ဘေးကင်းလုံခြုံစေရေးအတွက် စိတ်အား ထက်သန်လျက်ရှိသည်။
ကိုးကား - ဆင်ဟွာ Photo: AFP
ဘာသာပြန် - ဂျေတီ