ဘရပ်ဆဲလ်   မတ်   ၉

အရှေ့အလယ်ပိုင်းပဋိပက္ခ၏ အကျိုးသက်ရောက်မှုကြောင့် လောင်စာဆီဈေးနှုန်း  ကြီးမြင့်လာခြင်းကို  ဥရောပသမဂ္ဂက စောင့်ကြည့်နေကြောင်း  ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူ   အမ်နာကီ ဆာအိုင် ကိုနန်က  မတ် ၉ ရက်တွင် ပြောကြားသည်။

ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် လောင်စာဆီဈေးနှုန်းများမြင့်တက်လာမှုနှင့်ပတ်သက်၍  စိုးရိမ်ပူပန်မှုများရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားသည်။ သို့ရာတွင် ၎င်းပဋိပက္ခ၏ အကျိုးသက်ရောက်မှုများကြောင့် လက်ရှိအချိန်အထိ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် လောင်စာဆီနှင့် ဓာတ်ငွေ့ထောက်ပံ့ရေးဆိုင်ရာ အရေးပေါ်အခြေအနေများ ကြုံတွေ့ရခြင်းမရှိကြောင်း ၎င်းကပြောကြားသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် ရက်ပေါင်း ၉၀ အထိ သုံးစွဲနိုင်မည့် အရန်လောင်စာဆီများရှိကြောင်း ၎င်းကပြောကြားသည်။ စက်မှုထိပ်သီးခုနစ်နိုင်ငံ အစည်းအဝေးတွင် နိုင်ငံများအလိုက် အရန်လောင်စာဆီများ ထုတ်ယူသုံးစွဲရေး ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်လာခြင်းကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာပြီး အကျိုးဆက်အရ ငွေကြေး ဖောင်းပွမှုကြောင့် ဥရောပစတော့ဈေးကွက်များ ကျဆင်းသွားခဲ့သည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ