မတ် ၁၂
ထိုင်းအစိုးရသည် အရှေ့အလယ်ပိုင်း၏အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကာ ဒေသတွင်း မငြိမ်မသက်မှုများကြောင့်ထိခိုက်ခဲ့ရသော နိုင်ငံခြားခရီးသွားများကိုကူညီရန် တိုးမြှင့် လုပ်ဆောင်လျက် ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနသည် ခရီးသွားဘေးကင်းရေးနှင့် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအပေါ်ယုံကြည်မှုကိုထိန်းသိမ်းရန် သက်ဆိုင်ရာအေဂျင်စီများနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁၀ ရက်အတွင်း အဓိက လေဆိပ်များတွင် တပ်ဆင်ထားသော ခရီးသွားအကူအညီစင်တာများ၊ ခရီးသွားဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲမှုစင်တာ hotline နှင့် ပြည်နယ်အဆင့် ခရီးသွားလုပ်ငန်းနှင့် အားကစားရုံးများအပါအဝင် ချန်နယ်များမှတဆင့် နိုင်ငံခြားခရီးသွား ၄၅၂၅ ဦးအား အောင်မြင်စွာ အကူအညီပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
သက်ဆိုင်ရာအာဏာပိုင်များသည် အရှေ့အလယ်ပိုင်းတင်းမာမှုများကြောင့် ထိခိုက်ခံစားရသော ခရီးသွားများ၏ ငွေကြေးဘေးထွက်ဝန်ထုပ်ဝန်ပိုးကို လျော့ချပေးနိုင်ရန် ဟိုတယ်လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ အခန်းခများကို လျှော့စျေးပေးလျက်ရှိပြီး လက်ရှိတွင် ပြည်နယ် ကိုးခုမှ ဟိုတယ်နှင့် တည်းခိုခန်း စုစုပေါင်း ၇၄ ခု ပါဝင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


