၁၅  ဇွန်

 

နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးက  အလွန်အရေးကြီးပါသည်။  နိုင်ငံသားများ စားဝတ်နေရေး ချောင်လည်ကာ စီးပွားရေးပြေလည် ချောင်ချိဖို့ကလည်း လွန်စွာအရေးကြီးသည်ဆိုတာ ငြင်းစရာမရှိပါ။

 

နိုင်ငံသားများ ချမ်းသာကြွယ်ဝခြင်းသည် လိုလားဖွယ်ကိစ္စ၊ အားပေးရမည့်ကိစ္စ၊ မည်သူမဆို ဝမ်းမြောက် မုဒိတာဖြစ်ရမည့်ကိစ္စပဲဖြစ်သည် ဆိုခြင်းကလည်း အမှန်ပါ။

 

ချမ်းသာကြွယ်ဝခြင်းသည် ကောင်း၏။ ငွေရှိခြင်းက အပြစ်မဟုတ်။

 

သို့သော်လည်း ငွေရှိဖို့အလို့ငှာ ငွေနောက်ကိုလိုက်ရသည့်အခါတွင်  အပြစ်ဖြစ်လာနိုင်သည်တို့ကိုမူ  သတိထားရန် လိုပါမည်။  ငွေရှိလာလျှင် အာဏာရှိလာသကဲ့သို့ဖြစ်သည့်အတွက်  ငွေရှိလာသည့်အခါတွင်လည်းအပြစ်ဖြစ်လာနိုင်စရာတို့ ရှိ၏။

 

ယေဘုယျအားဖြင့်ဆိုလျှင် ငွေကြေးအာဏာတို့က မက်မောစရာများဖြစ်၏။ ငွေကြေးရှိလျှင်၊  အာဏာရှိလျှင် လုပ်နိုင်စွမ်း ပိုလာ၏။   မိမိဘဝပြဿနာများကို    ဖြေရှင်းနိုင်ရေးအတွက်    အားပိုကောင်းလာ၏။ မိမိဘဝ လိုအင်များစွာကို ပြေလည်စေနိုင်သည်လည်း ရှိ၏။

 

သို့သော်    ထိုငွေကြေးကိုဖြစ်စေ၊  အာဏာကိုဖြစ်စေ  မည်သို့မည်ပုံ  ရယူမည်ဆိုသည့်အခါတွင်မူ လူ့ကျင့်ဝတ်၊ လူ့ယဉ်ကျေးမှုတို့က ဦးဆောင်လာရမည် ဖြစ်၏။ လူ့ကျင့်ဝတ်ကို မျက်ကွယ်ပြုကာ ချမ်းသာကြွယ်ဝဖို့  ကြံစည်ပြီ ဆိုသည်နှင့် လူမှုအဖွဲ့အစည်းအတွက် အန္တရာယ်ကြီးက စလာပြီ ဖြစ်၏။ လူ့ကျင့်ဝတ်ကို မျက်ကွယ်ပြုကာ ချမ်းသာကြွယ်ဝဖို့ ဆောင်ရွက်ပြီဆိုသည်နှင့် လူ့အဖွဲ့အစည်းကို တိတိပပ ဆန့်ကျင်ရန်ပြုလာချေပြီ။

 

လူမှုအဖွဲ့အစည်းအတွင်း၌   ရေးဆွဲပြဋ္ဌာန်းထားသည့်   ဥပဒေများရှိသကဲ့သို့  နှလုံးသားနှင့်  နားလည်သဘောပေါက်ထားသည့်  ကျင့်ဝတ် တို့လည်း ရှိ၏။ ထိုနည်းတူစွာ လောကလူ့ရွာ၏ အစဉ်အလာ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည့်  ဓလေ့ထုံးစံများ၊  ယဉ်ကျေးမှုများ၊  ယုံကြည်ကိုးကွယ်မှုတို့က သင်ကြားပေးထားသည်တို့ကလည်း လူမှုအဖွဲ့အစည်းကို စောင့်ရှောက်ပေးလျက်ရှိ၏။

 

အခြေခံအကျဆုံးသော  ဥပဒေ၊  ကျင့်ဝတ်၊  ယဉ်ကျေးမှုမှာ  မိမိ၏  ပြုမူပြောဆို    ကြံစည်လုပ်ဆောင်မှုတစ်ခုခုသည်    အခြားသူတစ်ဦး တစ်ယောက်ကို        ထိခိုက်နစ်နာမသွားရလေအောင်        ထိန်းသိမ်းစောင့်ရှောက်ခြင်းသာ ဖြစ်လေသည်။

 

ဤသို့ဤနှယ်        ရေးဆွဲပြဋ္ဌာန်းထားသည်များနှင့်ရော၊    ရေးဆွဲ မထားသော ကျင့်ဝတ်နှင့် ယဉ်ကျေးမှုများဖြင့်ရော ဝိုင်းဝန်းထိန်းသိမ်း  စောင့်ရှောက်ပေးခြင်းဖြင့် လူအများ၏ ဘဝကို ငြိမ်းချမ်းသာယာစေမည် ဖြစ်၏။

 

မိမိတစ်ကိုယ်ရေ၊ မိမိ မိသားစု၊ မိမိ ဆွေမျိုး မိတ်ဆွေ အသိုင်းအဝိုင်း  ချမ်းသာကြွယ်ဝရေးအတွက် အများပြည်သူတို့ကို ထိခိုက်နစ်နာအောင်ပြုခြင်းကို   ဥပဒေကလည်း   ခွင့်မပြု၊   ကျင့်ဝတ်ကလည်း   ခွင့်မပြု၊ ယဉ်ကျေးမှုကလည်း ခွင့်မပြုပါ။

 

ရေးဆွဲပြဋ္ဌာန်းထားသော    ဥပဒေများက    အတိအကျရှိပြီး  ဥပဒေ စိုးမိုးမှုရှိလျှင်    ထိန်းသိမ်းစောင့်ရှောက်ပြီး ဖြစ်သော်လည်း    ကျင့်ဝတ်ဆိုသည်က လူမှုအဖွဲ့အစည်းအတွင်းက ဝိုင်းဝန်းထိန်းကျောင်း တည့်မတ်ပေးနေမည့် စနစ်ဖြစ်ပါသည်။ ထိုစနစ် အားကောင်းဖို့က အရေးကြီးပါသည်။  ငွေက  အရာရာကို  လွှမ်းမိုးချယ်လှယ်လာပြီဆိုလျှင်မူ  လူမှုအဖွဲ့အစည်း ပျက်စီးယိုယွင်းတော့မည့် တူရူသို့ရွေ့လာနေပြီဟု ဆိုရပါမည်။ ငွေရှိလို့၊ အာဏာရှိလို့၊ ဩဇာရှိလို့ တရားမျှတမှုကို ထိခိုက်လာနေသည်ကို လူတစ်စု  တစ်ဖွဲ့က  လက်ခုပ်ဩဘာပေးနေပြီဆိုလျှင်မူ  လူမှုအဖွဲ့အစည်း  ပျက်စီးယိုယွင်းလာနေပြီဟု ယူဆနိုင်ပါသည်။

 

လူ့ကျင့်ဝတ်၏ သော့ချက်က အဓမ္မမှုကို ရှောင်ခြင်း၊  မတရားမှုကို  မပြုခြင်း၊  မိမိရသင့်  ရထိုက်သည်မဟုတ်လျှင်  မလိုချင်ခြင်းသာ  ဖြစ်ပါသည်။ဥပဒေစိုးမိုးရေးကို  ထိထိရောက်ရောက်  အရေးယူဆောင်ရွက်ခြင်း၊  ကျင့်ဝတ်များကို လူမှုအဖွဲ့အစည်းက ဝိုင်းဝန်းထိန်းကျောင်း တည့်မတ်ခြင်းတို့ဖြင့်   လောကကို   ငြိမ်းချမ်းသာယာအောင်   အထောက်အကူပြုနိုင်ကြပါစေသတည်း။       ။

 

မြန်မာ့အလင်း