မိတ္ထီလာ ၂ဝ ဇန်နဝါရီ
ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် လုပ်ပြင်ကျေးရွာအနီးရှိ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၇၇၅၂ ပေမြင့်သည့် အရှေ့မြင် အနောက်မြင်တောင်ပေါ်သို့ ဇန်နဝါရီ ၁၉ ရက်နေ့က မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်း အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
“မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းအနေနဲ့ ရွာငံမြို့နယ်ထဲမှာရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၇၇၅၂ ပေရှိတဲ့ အရှေ့မြင်အနောက်မြင်တောင်ပေါ်ကို အသင်းဝင် ၅၆ ဦးနဲ့ မနေ့က အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၈ ရက်နေ့က မိတ္ထီလာက စတင်ထွက်ခွာပြီး လုပ်ပြင်ကျေးရွာမှာ တစ်ညအိပ်ရပ်နားပါတယ်။ နောက်တစ်နေ့ နံနက်အစောမှာ အရှေ့မြင်အနောက်မြင်တောင်ပေါ်ကို တောင်တက်အသင်းဝင်တွေ တက်ရောက်ခဲ့ပြီး ၅၆ ဦးစလုံး တောင်ထိပ်ကို ရောက်ရှိခဲ့ပါတယ်။ တောင်တက်ခရီးစဉ်မှာ လုပ်ပြင်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အသုံးပြုဖို့ လှူဒါန်းငွေတစ်သိန်းကျပ်ကိုလည်း တာဝန်ရှိသူတွေထံ ပေးအပ် လှူဒါန်းခဲ့ပါတယ်။ လူငယ်တွေ တောင်တက်အားကစားကို စိတ်ဝင်စားလာပြီး ကျန်းမာတဲ့ မျိုးဆက်သစ် လူငယ်တွေဖြစ်စေဖို့၊ မူးယစ်ဆေးဝါးလို မကောင်းတဲ့အရာတွေ သုံးတဲ့လမ်းကြောင်းပေါ် မရောက်စေဖို့ စတဲ့ရည်ရွယ်ချက်နဲ့ မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းကို ၂ဝ၁၅ ခုနှစ်လောက်စတင်ဖွဲ့စည်းပြီး နှစ်စဉ်တောင်တက်ခရီးစဉ်တွေကို တက်ရောက်ခဲ့ပါတယ်”ဟု မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်း အမှုဆောင် ဦးအောင်ကြိုင်က ပြောသည်။
မိတ္ထီလာ ခြေလျင်နှင့် တောင်တက်အသင်းအနေဖြင့် ၂၀၁၉-၂၀၂၀ တောင်တက်ခရီးရာသီတွင် ဆင်တောင်၊ မြင်းမထိတောင်၊ ပြက္ခရွေအရှေ့တောင် အနောက်တောင်၊ လွယ်မိုင်းတောင်နှင့် လေးညအိပ် ပင်လယ်ကမ်းခြေ လမ်းလျှောက်ခရီးစဉ်များကို သွားရောက်ခဲ့ပြီးဖြစ်သည်။ အရှေ့မြင် အနောက်မြင်တောင်ပေါ်သို့ တက်ရောက်ခဲ့သည့် စတုတ္ထအကြိမ်မြောက် တက်ရောက်သည့် ခရီးစဉ်အဖြစ် ၂ဝ၁၉ ဇန်နဝါရီ ၅ ရက်နေ့က အသင်းဝင် ၁၃၈ ဦးပါဝင်၍ မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းအနေဖြင့် တက်ရောက်ခဲ့ပြီး ယခုအကြိမ်မှာ ပဉ္စမအကြိမ်မြောက် တက်ရောက်ခြင်း ဖြစ်သည်။ တောင်တက်ခရီးစဉ်တိုင်းတွင် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိစေရန် ရည်ရွယ်ပြီး love nature and leave no trace ဆောင်ပုဒ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)