ရေးသားသူ Ye Myo Myatဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

အသားအရေကို ပျက်စီးမှာ စိုးရိမ်တဲ့ သူတိုင်း ခရမ်းလွန်ရောင်ခြည်ကို ကြောက်လန့် တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသားအရေကို မွဲခြောက်သွားစေဖို့၊ ထိခိုက် ပျက်စီးစေဖို့၊ အရေးအကြောင်းတွေ ထင်စေပြီး အိုမင်းရင့်ရော်စေဖို့ ကောင်းကောင်း ဒုက္ခ ပေးနိုင်တာကိုး။ တကယ်တော့ ခရမ်းလွန်ရောင်ခြည်ဆိုတာ အလှအပအတွက်သာ မကပါဘူး။ အရေပြားကင်ဆာတွေ ဖြစ်နိုင်တဲ့အထိ သက်ရောက်မှုက ပြင်းလွန်းပါတယ်။

 

ဒါကြောင့်လည်း ကျွန်တော်တို့တွေ အပြင်ထွက်တဲ့အချိန်တိုင်း နလောငျကာလိမျးဆေးတွေ မဖြစ်မနေ လိမ်းဖို့ လိုအပ်တာပါ။ ခဏလေးပဲဆိုပြီး ဘာမှမလိမ်းဘဲ မျက်နှာပြောင်နဲ့ ထွက်ပြီး ပြန်လာရင် ကိုယ့်မျက်နှာက သိသိသာသာကို မဲပြာပြီး ပျက်စီးသွားနိုင်ပါတယ်။ ဒီနေ့ ကျွန်တော် ပြောပြပေးမယ့် အကြောင်းအရာကတော့ အလှအပနဲ့ ကျန်းမာရေးကို စိတ်ဝင်စားသူတိုင်း သိထားသင့်တဲ့ ခရမ်းလွန်ရောင်ခြည်အကြောင်းပဲ ဖြစ်ပါတယ်။

 

ခရမ်းလွန်ရောင်ခြည်ဆိုတာ ဘာလဲ။

 

နေကနေ ကမ္ဘာမြေပေါ်ကို ကျရောက်လာတဲ့ အလင်းရောင်စဉ်တန်းကနေ ကွဲထွက်လာတဲ့ ဓါတ်ရောင်ခြည်ကို ခရမ်းလွန်ရောင်ခြည် (Ultraviolet Radiation) လို့ ခေါ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေဟာ ကျွန်တော်တို့ လူသားတွေ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်တဲ့ အလင်းလှိုင်းတွေအဖြစ် ပြိုကွဲသွားပါတယ်။ ခရမ်းလွန်ရောင်ခြည်မှာ အလင်းလှိုင်း အကွာအဝေးပေါ် မူတည်ပြီး UV-A ၊ UV-B နဲ့ UV-C ဆိုပြီးတော့ ၃မျိုး ကွဲသွားပါတယ်။

ကံကောင်းစွာနဲ့ပဲ UV-C ဟာ ကမ္ဘာမြေကြီးရဲ့ လေထုကို ထိုးဖောက်နိုင်စွမ်းမရှိတဲ့အတွက် UV-A နဲ့ UV-B ၂မျိုးတည်းကိုသာ အဓိက ကာကွယ်ပေးဖို့ လိုပါတယ်။

 

ခရမ်းလွန်ရောင်ခြည်ရဲ့ အသားအရေပေါ် ဘယ်လောက်ထိ ဒုက္ခဖြစ်စေလဲ။

 

ခရမ်းလွန်ရောင်ခြည် ၃ မျိုးလုံးမှာ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဆိုးကျိုးတွေ ပါဝင်နေပါတယ်။

 

၁။ ခရမ်းလွန်ရောင်ခြည်တွေထဲမှာ ကမ္ဘာပေါ်ကို ၉၅ ရာခိုင်နှုန်း ကျရောက်တာကတော့ UV-A ပါပဲ။ သူက ကျွန်တော်တို့ရဲ့ အရေပြားရဲ့ ဒုတိယမြောက်အလွှာထိ ထိုးဖောက်နိုင်စွမ်းရှိတယ်။ အရေးအကြောင်းတွေ ဖြစ်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတယ်။ အသားအရေကိုလည်း အရောင်မှိန်ပြီး ထိခိုက်ပျက်စီးစေပါတယ်။ UV-A ရဲ့ နောက်ထပ် ကြောက်ဖို့ကောင်းတဲ့ အချက်ကတော့ တိမ်တွေ၊ လေထုကိုသာမက အိမ်က မှန်ပြတင်းပေါက် တွေကိုပါ ထိုးဖောက်နိုင်စွမ်းရှိတာပါ။

 

၂။ နေလောင်တယ်၊ အသားအရေထိခိုက်ပျက်စီးသွားတယ် ဆိုတဲ့ ကိစ္စတွေမှာ အဓိကတရားခံကို ပြောပါဆိုရင်တော့ UV-B ပါပဲ။ အရေပြားရဲ့ အပေါ်ယံအလွှာကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်။ နေပူထဲ ၁၅မိနစ်လောက် ဘာမှမလိမ်းဘဲ ထွက်သွားလိုက်ပြီဆိုတာနဲ့ အရေပြားတစ်သျှူးတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ နီရဲစပ်ဖျဉ်းပြီး ပူစပ်ပူလောင်သလို ခံစားရမယ်၊ အသားက ကိုင်လိုက်တာနဲ့ အဖြူဖတ်တွေ ကွာကျလာမယ်၊ ခန္ဓါကိုယ်ကပါ ရေဓါတ်ဆုံးရှုံးပြီဆိုရင် ပိုပြီးတော့ ဝေဒနာကို ဆိုးဆိုးရွားရွား ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် UV-B ခရမ်းလွန် ရောင်ခြည်က အရေပြားကင်ဆာကိုလည်း ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

 

၃။ UV-C ကတော့ အထက်မှာ ပြောခဲ့သလိုပဲ ကမ္ဘာ့လေထုကို ထိုးဖောက်နိုင်စွမ်းမရှိတဲ့အတွက် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ လူတွေကိုယ်တိုင် ပြုလုပ်ထားတဲ့ ပြဒါးမီးအိမ်၊ သံဂဟေဆက်တဲ့ နေရာမှာ အသုံးပြုတဲ့ မီးရှူးတွေမှာတော့ UV-C အနည်းနဲ့ အများ ပါဝင်နိုင်ပါတယ်။ UV-C က အရေပြားကင်ဆာ ဖြစ်စေလောက်တဲ့ ခရမ်းလွန်ရောင်ခြည်ထဲမှာတော့ မပါဝင်သေးပါဘူး။ ဒါပေမယ့်လည်း အသားအရေကို အရောင်မှိန်သွားစေပြီး ညိုမည်းလာစေနိုင်တယ်ဆိုတာကိုတော့ သတိထားသင့်တယ်နော်။

 

ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုကို ဘယ်လိုကာကွယ်မလဲ။

 

၁။ မနက် ၁၀နာရီမှ ညနေ ၄နာရီအတွင်း အချိန်ဟာ နေအပူဆုံးနဲ့ ခရမ်းလွန်ရောင်ခြည် ပြင်းထန်စွာ ကျရောက်နိုင်တဲ့ အချိန် ဖြစ်တဲ့အတွက် အဲ့ဒီအချိန်အတွင်း တတ်နိုင်သလောက် အပြင် ထွက်တာမျိုး ရှောင်သင့်ပါတယ်။

 

၂။ အပြင်သွားတော့မယ်ဆိုရင် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့နိုင်မယ့် နေရာမှန်သမျှ နေလောင် ကာလိမ်းဆေး လိမ်းပေးဖို့ အရေးကြီးပါတယ်။ ၅ နှစ်နဲ့ အထက် ကလေးတွေကို SPF 15 လောက်ပါဝင်တဲ့ လိမ်းဆေး လိမ်းပေးပါ။ အသက် ၁၈ အထက် လူငယ်တွေနဲ့ လူကြီးတွေဆိုရင် SPF 30 အနည်းဆုံး ပါဝင်တဲ့ နေလောင်ကာလိမ်းဆေးမျိုး အသုံးပြုသင့်ပါတယ်။

 

၃။ နေလောင်ကာလိမ်းဆေး ဝယ်ရာမှာ UV-A နဲ့ UV-B ၂မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ တံဆိပ်ကို ရွေးချယ်ဝယ်ယူပါ။

 

၄။ နေပူတဲ့အချိန် သို့မဟုတ် ပြေးလွှားလှုပ်ရှားနေရင် ချွေးပိုထွက်တဲ့အတွက် နေလောင်ကာ လိမ်းဆေးက ပျက်ပြယ်သွားနိုင်ပါတယ်။ ဒါကြောင့် ၂နာရီခြား တစ်ခါ မျက်နှာကို တစ်သျှူးအခြောက် သို့မဟုတ် wet tissue အသုံးပြုပြီး သုတ်ပြီးမှ နေလောင်ကာလိမ်းဆေး ပြန်လိမ်းပေးရပါမယ်။

 

၅။ လိုအပ်ရင် ထီး၊ ဦးထုပ်၊ ဆောင်းသွားပါ။ အကျီၤလက်ရှည်၊ ဘောင်းဘီရှည် အစရှိသဖြင့် အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်သွားပါ။ မျက်လုံးကိုလည်း ထိခိုက်မှုမဖြစ်စေဖို့ နေအရမ်း ပူလွန်းတဲ့ အချိန်တွေမှာ နေကာမျက်မှန် တပ်ပေးလို့ ရပါတယ်။

 

ကိုယ့်ဘက်ကသာ သေချာပြင်ဆင်သွားမယ်၊ အကာအကွယ်တွေ သုံးသွားမယ်ဆိုရင် နေရောင်ကြောင့် အသားအရေ ပျက်စီးမှာ စိတ်ပူစရာမလိုဘဲ နွေရာသီရဲ့ အငွေ့အသက်လေးကို သေချာခံစားကြည့်လို့ ရပြီပေါ့။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်