ညောင်ဦး ဇူလိုင် ၆

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ရေဘေးသင့်ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်သွားနိုင်ရန်အတွက် ဇူလိုင် ၅ ရက် နံနက်ပိုင်းကစပြီး ညောင်ဦးမြို့၊ အမှတ်(၂)ရပ်ကွက် ရုံးညောင်ပင်ဆိပ်တွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကို Speed Boat နှစ်စီးဖြင့် ၂၄ နာရီ ရေကင်းတာဝန်ချထားမှုများ ကြိုတင်ဆောင်ရွက်ထားရှိကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

 

ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၅)ဦးအား တပ်ဖွဲ့ဝင်တစ်ဦးချင်းအလိုက် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ ကူညီကယ်ဆယ်နိုင်ရေးအတွက် ရေပြင်ကယ်ဆယ်ရေးလုပ်ငန်း ဇာတ်တိုက်လေ့ကျင့်မှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေး လက်တွေ့သရုပ်ပြသခြင်းများကိုလည်း ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ထို့အပြင် ဧရာဝတီမြစ်ရေမြင့်တက်မှု အခြေအနေနှင့်ပတ်သက်၍ နေ့စဉ် Speed Boat တစ်စီးဖြင့် မြစ်ကမ်းဘေးတစ်လျှောက် အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ကူညီကယ်ဆယ်နိုင်ရေးအတွက် Speed Boat နှစ်စီးဖြင့် ၂၄ နာရီ ရေကင်းတာဝန်ချထားခြင်းများကို ကြိုတင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောသည်။

 

ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေသည် နေ့စဉ်မြင့်တက်လျက်ရှိပြီး ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်ဖြစ်သည့် ၂၁၂၀ စင်တီမီတာ အောက် ၂၀၆၈ စင်တီမီတာသို့ ရောက်ရှိလာပြီဖြစ်ပြီး စိုးရိမ်ရေအမှတ် ရောက်ရှိရန် ၁ ပေကျော်သာ လိုတော့ကြောင်း သိရကာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းဘေး မြေနိမ့်ပိုင်း ရပ်ကွက်အချို့ရှိ လူနေအိမ်များ မြစ်ရေဝင်ရောက်မှုရှိကြောင်းနှင့် လူနေအိမ်များ ပြောင်းရွှေ့ရမှု မရှိသေးကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)