မတ် ၁၄
ကမ္ဘာနှင့်အဝန်း ရုတ်တရက် တုန်လှုပ်သွားရသည့် လတ်တလော ဖြစ်ရပ်မှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနှင့် ရောဂါဖြစ်ပွားသူတို့၏ အဖိတ်အစင်စာရင်းများ ဖြစ်ပါသည်။
တရုတ်နိုင်ငံ ဂူဟန်ဒေသတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ သည် တိုတောင်းလှသည့် အချိန်ကာလအတွင်း၌ နိုင်ငံတကာအနှံ့ ပျံ့နှံ့ကူးစက်သွားခဲ့ပြီး ရောဂါကူးစက်သူ တစ်သိန်းသုံးသောင်းကျော်၊ သေဆုံးသူ ၄၈ဝဝ နီးပါး၊ ကျန်းမာ ကောင်းမွန်လာသူ ၆၈ဝဝဝ ကျော်ရှိနေပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health OrganizationWHO) က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁:၁၃ နာရီတွင် အဆိုပါ coronavirus Disease 2019 (covID-19) ကြောင့် ဖြစ်ပွားသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။
နိုင်ငံတကာတွင် ပြန့်ပွားမှုနှုန်း လျင်မြန်စွာ ကူးစက်နေသော်လည်း ယခုအချိန် (၂ဝ၂ဝ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့) ထိ ယင်းအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မိမိတို့နိုင်ငံ၌ မတွေ့ရှိကြောင်း သိရှိရပါသည်။ ဤအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကို ယနေ့ထိ နိုင်ငံအတွင်း မတွေ့ရှိရသေးသဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် အလွန်အမင်း စိုးရိမ်ကြီးကြရန် မလိုအပ်သော်လည်း ဗိုင်းရပ်စ်ပိုးမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည့်အတွက် သတိကြီးစွာ ဖြင့် စနစ်တကျ ပြင်ဆင်ကာကွယ်နေထိုင်ကြရန် လိုအပ်မည် ဖြစ်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထိုဗိုင်းရပ်စ်ပိုး နှင့် ပတ်သက်ဆက်စပ်မှုမှန်သမျှကို အထူးဂရုစိုက်ကာ စောင့်ကြပ် ကြည့်ရှုလေ့လာနေကြပြီး အချိန်နှင့်အမျှ သတင်းများကို ထုတ်ပြန် နေပါသည်။
သည်လိုကြားထဲတွင် အဆိုပါရောဂါနှင့် ပတ်သက်၍ သတင်းတု၊ သတင်းယောင်များကိုလည်း ဟိုမှာသည်မှာ ထုတ်ပြန်နေကြသည်ကို တွေ့ရပါသည်။ ခေတ်မီနည်းပညာများ၏ အကူအညီဖြင့် သတင်းများကို လျင်လျင်မြန်မြန် ထုတ်ပြန်နိုင်ခြင်း၊ သတင်း အတုအယောင်၊ ဓာတ်ပုံအတုအယောင်၊ ဗီဒီယို အတုအယောင်များကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်လာသည့် အားသာချက်ကို အခွင့်အရေးယူကာ မမှန်သတင်းများ ထုတ်ပြန်လာနေသည်ကို နိုင်ငံသားများအနေဖြင့် သတိကြီးစွာ ပညာဉာဏ်ဖြင့် ချင့်ချိန်ကာ နှိုင်းနှိုင်းဆဆရှိကြရန် လိုအပ်ပါသည်။
အထက်တွင်ဆိုသကဲ့သို့ နိုင်ငံတကာနှင့်ယှဉ်သည့် အရေးကြီးသော အရေးပေါ် အခြေအနေ ဖြစ်သည့်အတွက် သတိကြီးကြီး ဉာဏ်ကြီးကြီးဖြင့် နေထိုင်ကြရန် လိုအပ်သည်မှာ မှန်သော်လည်း စိုးရိမ်ကြီးလွန်းသည့် တုံ့ပြန်မှုများက ပိုမိုဆိုးရွားသည့် အကျိုးရလဒ်များကိုသာ ရနိုင်သည်ကိုလည်း သတိပေးလိုပါသည်။
ရောဂါနှင့် ဗိုင်းရပ်စ်ပိုးမွှား၏ အနေအထားကို ဂရုဓမ္မကြီးကြီးဖြင့် စောင့်ကြည့်နေကာ သတင်းထုတ်ပေးနေသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များ နှင့် ရောဂါကူးစက်မှုကို လျော့နည်းစေမည့် ကာကွယ်ရေးနည်းလမ်းများ စသည်တို့ နိုင်ငံသူ နိုင်ငံသားများ လေ့လာလိုက်နာကြခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို အန္တရာယ်ကင်းစွာ ကျော်လွှားနိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါ သတည်း။ ။
မြန်မာ့အလင်း