နေပြည်တော် ၃ အောက်တိုဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနသည် (၃၅)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၏ တတိယမြောက်နေ့အဖြစ် ယနေ့နံနက် (၉:ဝဝ) နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ရာ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ (ACDM) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်၊ ပူးတွဲဥက္ကဋ္ဌဖြစ်သူ Mr. Kistoffer James E. Purisima, Assistant Secretary/ Deputy Administrator for Administration, Philippines တို့က ဆောင်ရွက်ခဲ့ကြသည်။
တတိယမြောက်နေ့တွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ပူးတွဲလုပ်ငန်းအဖွဲ့ဝင်များ ဖြစ်သည့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကိုယ်စားလှယ်များ၊ အာဆီယံကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်ကြီးများ တက်ရောက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် စပ်လျဉ်းသည့် အာဆီယံရေးရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် လူမှုဝန်ထမ်းဆိုင်ရာဒေသတွင်း ဆောင်ရွက်တိုးတက်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာ ကူညီမှုဆိုင်ရာ တုံ့ပြန်ရေးလုပ်ငန်းရေး လုပ်ငန်းများတွင် လုပ်ငန်းအဖွဲ့ဝင်(၅)ခုက ဒေသတွင်းနှင့် နိုင်ငံတွင်းအဆင့် အကောင်အထည်ဖော်ဆောင်ရွက် တိုးတက်မှုများ၊ ဆက်စပ် အစည်းအဝေးများတွင် ဆုံးဖြတ်အတည်ပြုထားသည့် ကိစ္စရပ်များနှင့် လုပ်ငန်းအဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် အခြား လုပ်ငန်းအဖွဲ့(၄)ခုမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်၊ AHA Centre မှ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်းကိုယ်စားလှယ် (၈၀)ဦးခန့် တက်ရောက်ခဲ့သည်။
သတင်းစဉ်


