နေပြည်တော် ၃ အောက်တိုဘာ
(၃၅)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၏ တတိယမြောက်နေ့ကို ယနေ့နံနက်(၉)နာရီက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးတွင် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (ACDM) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ပူးတွဲဥက္ကဋ္ဌဖြစ်သူ Mr. Kistoffer James E. Purisima, Assistant Secretary/ Deputy Administrator for Administration, Philippines တို့က ဆောင်ရွက်ခဲ့ကြသည်။
တတိယမြောက်နေ့တွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာ ကူညီမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ပူးတွဲလုပ်ငန်း အဖွဲ့ဝင်များဖြစ်သည့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကိုယ်စားလှယ်များ၊ အာဆီယံကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများ တက်ရောက်၍ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် စပ်လျဉ်းသည့် အာဆီယံရေးရာ ကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် လူမှုဝန်ထမ်းဆိုင်ရာဒေသတွင်း ဆောင်ရွက်တိုးတက်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာကူညီမှုဆိုင်ရာ တုံ့ပြန်ရေးလုပ်ငန်းများတွင် လုပ်ငန်းအဖွဲ့ဝင် (၅)ခုကဒေသတွင်းနှင့် နိုင်ငံတွင်းအဆင့် အကောင်အထည်ဖော် ဆောင်ရွက်တိုးတက်မှုများ၊ ဆက်စပ်အစည်းအဝေးများတွင် ဆုံးဖြတ်အတည်ပြုထားသည့် ကိစ္စရပ်များနှင့် လုပ်ငန်းအဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


