နေပြည်တော် ၁၀ ဇွန် 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်း ဖွင့်လှစ်သည့် အရေးပေါ် ထောက်ပံ့ပို့ဆောင်ရေးသင်တန်း (Emergency Logistics Training)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေအိမ်စံဟိုတယ်၌ ကျင်းပသည်။ 

 

အခမ်းနားတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က  အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး သင်တန်း (ပထမအကြိမ်)ကို ၂၀၁၇ ခုနှစ်က ပို့ချခဲ့ပြီး ယခုသင်တန်းမှာ ဒုတိယ အကြိမ် မြောက် ထပ်မံဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကယ်ဆယ် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ နည်းပညာနှင့် အခြားလိုအပ်သည့် အထောက်အပံ့များကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် အတူပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှှုုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များအတွက် ထိရောက်သည့် စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် ဘေးဒဏ် ခံစားရသည့် ပြည်သူများအား စားဝတ်နေရေး လတ်တလော သက်သာချောင်ချိစေ ရေးအတွက်  ထောက်ပံ့ဆောင်ရွက်နေမှုများနှင့် ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ ကို အနီးဆုံးသိုလှောင်ရုံများမှ အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ ထောက်ပံ့ပေးလျက် ရှိပါ ကြောင်း၊ ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် မြန်မာနိုင်ငံအတွင်း အရေးပေါ်အခြေ အနေ နှင့် ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်နှင့်  အရေးပေါ်ထောက်ပံ့ရေး ပစ္စည်းများကို  ထောက်ပံ့ပို့ဆောင် ရေး၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေးနှင့် ဖြန့်ဝေရေး လုပ်ငန်းများတွင် စီမံခန့်ခွဲ ပါဝင်ဆောင်ရွက်နေသူများ၏ စွမ်းဆောင်ရည်တိုးတက် လာစေရန်အတွက်  ရည်ရွယ် ဖွင့်လှစ် ခြင်းဖြစ်ပါကြောင်း၊  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနနှင့် ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဝန်ထမ်းများအတွက် လက်တွေ့လုပ်ငန်းခွင်အတွင်း အထောက်အကူများစွာ ပြုစေမည်ဖြစ်ပါကြောင်း၊  သင်တန်း သား/သူများအနေဖြင့် မိမိတို့ရဲ့ အတွေ့အကြုံများကို မျှဝေ၍တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပြီး မိမိတို့တာဝန်ကျရာ ဒေသများကို  ပြန်လည်ရောက်ရှိပါက  အရေးပေါ်အခြေအနေတို့တွင် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန် ဆောင် ရွက်ခြင်းတို့တွင် ယခင်ထက် ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ 


    
ထို့နောက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ Country Director က  နှုတ်ဆက်စကား ပြောကြားသည်။ 


    
ဆက်လက်ပြီး သင်တန်းဆွေးနွေးပွဲကိုကျင်းပရာ သင်ခန်းစာများပို့ချခြင်းတို့အပြင် ဖြစ်စဉ်အခြေပြု အဖွဲ့လိုက်ဆောင်ရွက် လေ့ကျင့်ခြင်း၊ ဆွေးနွေးခြင်း၊ အတွေ့အကြုံများ ဖလှယ်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။ အဆိုပါ သင်တန်းကို ဇွန် ၁၂ ရက်ထိ (၃)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။   

 

သတင်းစဉ်