၆ စက်တင်ဘာ

 

မိမိတို့ဘဝတစ်သက်တာအတွက် အရေးပါအရာရောက်ဆုံးသော အရာများတွင်  အိမ်သာလည်းပါဝင်သည်ဟု ထည့်သွင်းစဉ်းစားမည့်သူ လွန်စွာနည်းပါးပါလိမ့်မည်။ အသက်ရှင်သန်ရေးတွင် စားဝတ်နေရေး ကိုသာဦးစားပေးပြီး ရှေ့တန်းတင်စဉ်းစားကြရသည့်အခါ ကိုယ်လက်သန့်စင်ရေးနှင့်  အညစ်အကြေးစွန့်ရေးတို့မှာ  နောက်တန်းသို့ရောက်သွားရပြီး ဖြစ်သလို ပြီးလိုက်ကြရသည်။ အထူးသဖြင့် ဝင်ငွေနည်းသူများ၊  ဆင်းရဲနွမ်းပါးသူများမှာ ယင်းကဲ့သို့သော အခြေအနေမျိုးတွင် ကျရောက်နေကြရသည်။ သောက်သုံးရေ မဖူလုံခြင်း၊ ရေဆိုးနှင့် မိလ္လာ စနစ်များ  ညံ့ဖျင်းခြင်း၊  တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်  ပတ်ဝန်းကျင် သန့်ရှင်းရေးအခြေအနေများ  နိမ့်ကျခြင်းတို့ကြောင့်  ကလေးသူငယ် များအပါအဝင် လူသန်းနှင့်ချီ၍ နှစ်စဉ်သေဆုံးနေရသည်ဟု ကုလသမဂ္ဂကဆိုထားရာ  အိမ်သာသည်  ကမ္ဘာ့နှင့်ချီသည့်    အရေးကိစ္စတစ်ရပ် ဟုပင်ဆိုရမည်။

 

စင်စစ်အားဖြင့် အိမ်သာများက လူတို့၏ဘဝတာတွင် အရေးပါရုံမျှမက နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ဓလေ့စရိုက်၊ ထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှုအဆင့်တို့ကိုပါ  ပြနိုင်သည်။  သန့်ရှင်းလုံခြုံသည့်  အိမ်သာများက ကျန်းမာရေးအတွက် လိုအပ်သလို သန့်ရှင်းမှုမရှိ၊ စည်းကမ်းမဲ့ စွန့်ထားသော အညစ်အကြေးအပြည့်နှင့်  အိမ်သာများကမူ ရောဂါဖြန့်ဝေရာ ပင်မနေရာများဖြစ်သည်။ ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယိုကဲ့သို့သော  ကြောက်မက်ဖွယ်ကူးစက်ရောဂါများမှာ စည်းကမ်းမဲ့ အညစ်အကြေးစွန့်ပစ်မှုများမှတစ်ဆင့် ကူးစက်သည်။ စီးပွားရေးအခြေအနေ နိမ့်ကျခြင်း၊ ဆင်းရဲနွမ်းပါးခြင်းနှင့် အခြေခံအဆောက်အအုံ ချို့ငဲ့ခြင်း ဖြစ်စဉ်များ၏ရလဒ်အဖြစ် ရေကောင်းရေသန့်နှင့် ကောင်းမွန်သန့်ရှင်းသည့် အိမ်သာစနစ်တို့ကို  သုံးစွဲခွင့်မရသည့်  လူသားများမှာ ကမ္ဘာတစ်ခွင်၌ သန်းပေါင်းများစွာရှိနေသည်။ ကမ္ဘာ့လူဦးရေမှ ၄ ဒသမ ၅ ဘီလီယံသော လူသားများသည်   လုံခြုံကောင်းမွန်သည့်  အိမ်သာများမရှိဘဲ ရှင်သန်နေရပြီး ၈၉၂ သန်းသော လူသားများမှာမူ အခင်းကြီး အခင်းငယ်တို့ကို လဟာပြင်၌ပင် ပြီးစလွယ်စွန့်ကြရသည်ဟု ဆိုသည်။

 

မိမိတို့နိုင်ငံ၏    ဒေသအချို့တွင်လည်း  ယခင်က  တောထိုင်ခဲ့ကြသည့်ဓလေ့ကို ယင်လုံအိမ်သာများ ဆောက်လုပ်သုံးစွဲကြရန် ပညာပေးခဲ့ရသည်။  အိမ်သာကို  စနစ်တကျသန့်ရှင်းစွာသုံးစွဲတတ်ရန်၊  အိမ်သာ တက်ပြီးနောက် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရန်တို့ကို မီဒီယာနည်းလမ်းအသွယ်သွယ်တို့ဖြင့်    အသိပညာပေး  နှိုးဆော်ခဲ့ရသည်။ ယခုတိုင်လည်း ဆက်လက်ပညာပေးရန် လိုအပ်နေဆဲဖြစ်သည်ကို      အများသုံးအိမ်သာများတွင်    မကြာမကြာ    တွေ့ရတတ်သည့်  ခြေရာလက်ရာများက    သက်သေပြနေသည်။    များမကြာသေးမီက နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းဒေသတို့မှ အများသုံးအိမ်သာ သုံးခုတို့    အာဆီယံအများသုံးအိမ်သာဆုများ အသီးသီးရရှိခဲ့ရာ ယင်းကဲ့သို့သော  အိမ်သာများ  မြန်မာနိုင်ငံ      နေရာအနှံ့အပြားတွင် ထွန်းကားပေါ်ပေါက်စေချင်မိသည်။  ဆုရရှိခဲ့သည့်  နေပြည်တော်မှ      အိမ်သာသည်  အခမဲ့အိမ်သာဖြစ်ပြီး စီမံခန့်ခွဲမှုနှင့် သန့်ရှင်းမှုတို့ ကောင်းမွန်သည့်အိမ်သာဖြစ်သည်။ သက်ကြီးရွယ်အိုများနှင့် ဘီးတပ် ကုလားထိုင်သုံးစွဲနေရသူများ၊ ကလေးသူငယ်များပါ အလွယ်တကူ သုံးစွဲနိုင်ရန် စီမံထားမှုများပါဝင်သလိ်ု အနံ့အသက်ကင်းကာ လေဝင်   လေထွက်ကောင်းမွန်အောင် ဆောင်ရွက်ထားသည်။ မှန်များ၊ ဆပ်ပြာရည်နှင့် လက်ဆေးကန်များ၊ လက်ခြောက်သွေ့ပြီး ပိုးသတ်ပေးသည့် စက်များကို အဆင့်အတန်းမြင့်မြင့်  မျက်စိပသာဒဖြစ်ဖွယ်  တပ်ဆင်ပေးထားသည်။ သန့်ရှင်းရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်နေမှုကြောင့် ကြမ်းခင်းများ၊ ကြွေခွက်များမှာ အမြဲခြောက်သွေ့သန့်ရှင်းနေသည်။

 

ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးရေးရည်မှန်းချက်များတွင် သန့်ရှင်းသောရေနှင့် ကောင်းမွန်သည့် မိလ္လာစနစ်ရရှိရေးသည် ဆဋ္ဌမမြောက် ရည်မှန်းချက်ဖြစ်ပြီး ယင်းအတွက် စီမံခန့်ခွဲမှုများတွင် ပိုမို၍ ရင်းနှီးမြှုပ်နှံကြရန်အတွက်  ဆာဟာရအောက်ပိုင်း  အာဖရိကဒေသ၊ ဗဟိုအာရှဒေသ၊  တောင်အာရှဒေသ၊  အရှေ့အာရှနှင့် အရှေ့တောင် အာရှဒေသတို့ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအား တိုက်တွန်းနှိုးဆော်ထားသည်။ မိမိတို့နိုင်ငံအနေဖြင့်မူ အများပြည်သူသွားလာသည့်    နေရာများ၊ အဝေးပြေးလမ်းများ၊    မြို့ ကြီးပြကြီးများ၊  ဈေးများ၊  ကျောင်းများ     စသည်တို့တွင်  သန့်ရှင်းသပ်ရပ်လုံခြုံသည့်    သန့်စင်ခန်း(သို့မဟုတ်) အိမ်သာများ      ဖြည့်ဆည်းပေးရန် များစွာလိုအပ်နေဆဲဖြစ်သလို စနစ်တကျ သန့်ရှင်းစွာအသုံးပြုတတ်ရန်လည်း လိုအပ်နေဆဲဖြစ်သည်။

 

ဤကဲ့သို့သုံးစွဲတတ်ရန်အတွက်လည်း ကျောင်းများတွင် လေ့ကျင့်ပညာပေးမှုများမှ စတင်ရန်နှင့် ကျောင်းများတွင် သန့်စင်ခန်းအိမ်သာများကို လုံလောက်စွာ ဆောက်လုပ်ပေးရန်လိုသည်။  ကျောင်းအိမ်သာများ    သန့်ရှင်းရေးအတွက် ကောင်းသောစီမံခန့်ခွဲမှု၊ ကောင်းသောပညာပေးမှုများဖြင့် ကျောင်းသူ ကျောင်းသားများအား ကျန်းမာရေး အသိမြှင့်တင်ပေးပြီး  စည်းကမ်းလိုက်နာသည့်  အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ခြင်းမှ အစပြုသွားရမည်ဖြစ်ပါကြောင်း။        ။

 

မြန်မာ့အလင်း