နေပြည်တော် နိုဝင်ဘာ ၂၀ 
 
အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲကို အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့်  တီမောလက်စ်တေလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကာ ဒီလီမြို့တွင် နိုဝင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ hybrid ပုံစံဖြင့် ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်းနှင့် ကော်မရှင်ရုံး အရာထမ်းတို့က Online Platform မှ တက်ရောက်ကြ ပြီးဖိုရမ်အဖွဲ့ဝင်များ ဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များက In person  တက်ရောက်ခဲ့ကြသည်။

နှစ်ပတ်လည်အစည်းအဝေးတွင် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အ စည်းများဖိုရမ်၏ ၂၀၂၄ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌ တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ Mr. Virgilio da Silva Guterres က အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဖိုရမ်၏ အကြိမ် (၂ဝ) မြောက် နှစ်ပတ်လည်အစည်းအဝေး နောက်ပိုင်း ကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များ၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် (၅) ရပ်နှင့်စပ်လျဉ်း၍ ဖိုရမ်အဖွဲ့ဝင်များ ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ၊ ဖိုရမ်၏ Rules of Procedure (RoP) ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ အကျဉ်းသားများ လွှဲပြောင်းမှုနှင့်စပ်လျဉ်း၍ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ချက်များ၊ ထိုင်ဝမ်အမျိုးသားလူ့အခွင့်အရေးကော်မရှင် က Right Con ခေါင်းစဉ်ဖြင့် ကျင်းပမည့် ဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်းဆိုင်ရာကိစ္စရပ်၊ သက်ကြီး ရွယ်အို အခွင့်အရေးဆိုင်ရာကိစ္စရပ်နှင့် မလေးရှားနိုင်ငံ၊ Sabah ပြည်နယ်ရှိ နိုင်ငံမဲ့ဖြစ်နေသူ များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (APF) နှင့် ညှင်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးဆိုင်ရာအဖွဲ့ (APT) တို့နှင့် ဖိုရမ်တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင် ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

 ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ဖိုရမ်၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အစည်းအဝေး နောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့် ရှောက်ရေးတို့နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများကို ဆွေးနွေး ပြီး ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက (SEANF) ၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၂-၂၀၂၆) ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ပေးရေးနှင့်စပ်လျဉ်း၍ ကော်မရှင်၏အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးသည်။

နှစ်ပတ်လည်အစည်းအဝေးအပြီးတွင် ၂၀၂၅ ခုနှစ်အတွက် ဖိုရမ်၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က လွှဲပြောင်းပေးအပ်သည်။
နိုဝင်ဘာ၂ဝ ရက်တွင် ဖိုရမ်၏ဆက်စပ်ဆွေးနွေးပွဲကို “အရှေ့တောင်အာရှဒေသတွင်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ ကောင်းမွန်သော အလေ့အကျင့်များ နှင့် အတွေ့အကြုံများ မျှဝေခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲသို့ တီမောလက်စ်တေ နိုင်ငံ သမ္မတ H.E. Dr. José Ramos-Horta တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားသည်။

ဆွေးနွေးပွဲသို့ ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များမှ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ၊ တီမောလက်စ်တေနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊  အရပ်ဘက် အဖွဲ့အစည်းများနှင့် ဘာသာရပ်ဆိုင်ရာ ပညာရှင် များတက်ရောက်ပြီး ဆွေးနွေးပွဲ အကြောင်းအရာနှင့်စပ်လျဉ်း၍ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်း က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်