နေပြည်တော် ဇူလိုင် ၂၀
အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဖိုရမ်၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဘန်ကောက်မြို့၌ ဇူလိုင်၁၉ ရက်မှ ၂၀ ရက်အထိ Hybrid format ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များ ဖြစ်ကြသည့် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမော လက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များက In-person တက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာ တင်မောင်မောင်သန်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက video conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ မတ်လက ကျင်းပခဲ့သော ဖိုရမ်၏ ပထမအကြိမ် လုပ်ငန်း အဖွဲ့အစည်းအဝေးမှတ်တမ်းအတည်ပြုခြင်း၊ ပထမအကြိမ်လုပ်ငန်းအဖွဲ့ အစည်းအဝေးနောက်ပိုင်း ကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အရှေ့တောင်အာရှအမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေး ကိစ္စရပ် (၅) ရပ် အကောင်အထည် ဖော်ခြင်းနှင့်စပ်လျဉ်း၍ ဦးစားပေးကိစ္စရပ် တစ်ခုစီအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန် အဓိကတာဝန်ယူထားသော ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အကောင် အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) နှင့် SEANF တို့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် "ASEAN Dialogue in Realizing Southeast Asia as a Torture-Free Region" ကျင်းပနိုင်ရေး ကိစ္စရပ်များ၊ ၂၀၂၄ ခုနှစ်တွင် အာဆီယံဒေသတွင်း စီးပွားရေးနှင့် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် AICHR-SEANF ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေး ကိစ္စရပ်များ၊ ASEAN Environmental Rights Framework ရေးဆွဲနိုင်ရေး ကိစ္စရပ်များ၊ World Justice Project (WJP) နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ SEANF ၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး ကျင်းပနိုင်ရေး ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။
လုပ်ငန်းအဖွဲ့ အစည်းအဝေး၌ ၂၀၂၃ ခုနှစ်၊ မတ်လက ကျင်းပခဲ့သော ဖိုရမ်၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးနောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများကို ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က ဆွေးနွေးသည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဦးဆောင် အဖွဲ့အစည်းအဖြစ် တာဝန်ယူထားသော SEANF ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် "စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင်ရန် နှင့် ကာကွယ်ရန်" ကိစ္စရပ်နှင့်စပ်လျဉ်း၍ ကော်မရှင်၏ အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုများကို ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ဆွေးနွေးသည်။
ဖိုရမ်၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသွားရန် လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ကနဦး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်