အရှေ့တောင်အာရှ အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာလှေလှော်အသင်း (ထိုင်းနိုင်ငံ)သို့ ထွက်ခွာ

ရန်ကုန် ၁၉ ဇွန် 

ထိုင်းနိုင်ငံ(ပတ္တယားမြို့)၌ ဇွန် ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် အရှေ့တောင်အာရှ သက်ငယ်တန်းနှင့် သက်ကြီးတန်းအနောက်တိုင်း လှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ၊ အရှေ့တောင်အာရှ ကနူးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ 2019 South East Asian Rowing and Conoeing Championship) သို့ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ မြန်မာ့လက်ရွေး စင်လှေလှော်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မြန်မာလှေလှော် အားကစားအဖွဲ့တွင် အသင်းအုပ်ချုပ်သူ ဦးခင်မောင်မြင့်၊ နည်းပြချုပ် ဦးကျော်ဝင်း၊ အင်္ဂလန်နှင့် ဟန်ဂေရီနည်းပြများနှင့် အားကစားသမား (၁၅)ဦးတို့သည် ယမန်နေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များက ပို့ဆောင်နှုတ်ဆက်သည်။

အဆိုပါပြိုင်ပွဲ၌ မြန်မာအသင်းသည် အမျိုးသားပွဲစဉ်တွင် LM 1X , LM 2X, M 2 ပြိုင်ပွဲများ၊ အမျိုးသမီးပြိုင်ပွဲတွင် LW 1X , LW 2X , W 2 တို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲ၌ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်