နေပြည်တော် ၇  ဇန်နဝါရီ 

 

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု အကဲဖြတ်စစ်ဆေးရေး (South-East Asia Primary Learning Metrics-SEA-PLM) ဆိုင်ရာ ကြီးကြပ်ရေးမှူးများ (Test Administrators)နှင့် ကျောင်းညှိနှိုင်းရေးမှူးများ (School Coordinators) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ် Grand Ballroom ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် အရှေ့တောင်အာရှဒေသတွင်း မူလတန်းပညာရေးအဆင့် လေ့လာသင်ယူမှုအား သုတေသနပြုလုပ် စစ်ဆေးအကဲဖြတ်ရာတွင် တာဝန်ယူဆောင်ရွက်ကြမည့် ကြီးကြပ်ရေးမှူးများ၊ ကျောင်းညှိနှိုင်းရေးမှူးများအတွက် ဖွင့်လှစ်သည့်သင်တန်းဖြစ်ပါကြောင်း၊ ယခု ဆောင်ရွက်မည့် သုတေသနလုပ်ငန်းသည် အာဆီယံဒေသတွင်းရှိ Grade-5 အဆင့်ကျောင်းသား လူငယ်များအား စစ်ဆေးအကဲဖြတ်သည့် “စံ” တစ်ခုဖြင့်လေ့လာ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စစ်ဆေးအကဲဖြတ် လေ့လာတွေ့ရှိချက်များကို အစီရင်ခံစာများရေးသားပြုစု၍ ပညာရေးဆိုင်ရာမူဝါဒချမှတ်သူထံ တင်ပြသွားခြင်းဖြင့် အဓိပ္ပါယ်ပြည့်ဝသော သင်ယူမှုရလဒ်များရရှိအောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။ 

 

၂၀၁၉ ခုနှစ်အတွင်း SEA-PLM ပုံမှန်စစ်ဆေးလေ့လာမှု(Main Survey) ကို အာဆီယံနိုင်ငံ(၇)နိုင်ငံတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံးစစ် ဆေးမည့်နိုင်ငံဖြစ်ပါကြောင်း၊ အရေးစွမ်းရည်၊ အဖတ်စွမ်းရည်၊ သင်္ချာစွမ်းရည်နှင့် လူသားကောင်းဖြစ်မှုစသောနယ်ပယ်များကို (၄)နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေး အကဲဖြတ်သွားမည်ဖြစ်ပါကြောင်း၊ ဆီမီယို(SEAMEO)၊ ယူနီဆက် အရှေ့အာရှဒေသဆိုင်ရာရုံး (UNICEF-EAPRO) တို့က ငွေကြေးအထောက်အပံ့ပေးပြီး သြစတြေးလျနိုင်ငံ ပညာရေး သုတေသနကောင်စီ(Australian Council for Educational Research-ACER) က နည်းပညာပံ့ပိုးပေးမှုများဖြင့် နိုင်ငံတကာအဆင့်မီ ပညာရည်စစ်ဆေး အကဲဖြတ်စံတစ်ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုပြုလုပ်သောလေ့လာ စစ်ဆေးအကဲဖြတ်မှုတွင် ထူးခြားမှုအနေဖြင့် လူသားကောင်းဖြစ်မှုနယ်ပယ်အားထည့် သွင်းစစ်ဆေးထားသည်ကို တွေ့ရပါကြောင်း၊ ကမ္ဘာပေါ်တွင် အရေးစွမ်းရည် စစ်မေးသည့် ပထမဦးဆုံးစစ်ဆေးမှုဖြစ်ပြီး ဆီမီယိုအဖွဲ့ဝင် နိုင်ငံများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်လည်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအစိုးရများနှင့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များကိုစွမ်းဆောင်ရည်မြှင့်တင် သင်တန်းများပေး၍ အဖွဲ့ဝင်နိုင်ငံ အသီးသီးရှိ ပညာရေးစနစ်တွင် ထည့်သွင်းဆောင်ရွက်ရန် ရည်ရွယ်ပါကြောင်း၊

 

ယခုဆောင်ရွက်မည့် ပုံမှန်စစ်ဆေးအကဲဖြတ်မှု (SEA-PLM Main Survey) ကို ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ရွေးချယ်ထားသော ကျောင်းပေါင်း (၂၀၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၅၈၅၃) ဦးကို စစ်ဆေးအကဲဖြတ်သွား မည်ဖြစ်ပါကြောင်း၊ ယင်းအပြင် မိဘ (၅၈၅၃) ဦး၊ Grade-5 သင်ကြားသည့်ဆရာ၊ ဆရာမ(၄၄၁)ဦး၊ ကျောင်းအုပ်ကြီး (၂၀၂) ဦးကိုလည်း စစ်တမ်းမေးခွန်းလွှာများကို ဖြည့်သွင်းစေမည် ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ၏ မူလတန်းပညာရေးသင်ယူ တတ်မြောက်မှု တိုင်းတာစစ်ဆေးရေး (SEA-PLM) လုပ်ငန်း အောင်မြင်ရေးအတွက် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အရည်အသွေးရှိသော ပညာရေးကို ဖော်ဆောင်ပေးကြရန်တိုက်တွန်းပါကြောင်း စသည်ဖြင့်ပြောကြားသည်။

 

ထို့နောက်ယူနီဆက်ရုံးမှ ဒုတိယဌာနေကိုယ်စားလှယ် Paul Edwardsက နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

 

ယင်းနောက် အခမ်းအနားကိုသင်တန်းအစီအစဉ်အတိုင်းဆက်လက်ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ယူနီဆက် ဒုတိယဌာနေကိုယ်စားလှယ် Paul Adward, ၊ Education Section Chief MitsueUemura, ၊Australian Council for Educational Research (ACER) မှ Research Fellow Dr.Jacqueline Cheng, ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေး မှူးများ၊ ကျောင်းညှိနှိုင်းရေးမှူးဆောင်ရွက်မည့်ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်ရေးမှူး ဆောင်ရွက်မည့် ဆရာ၊ဆရာမများ၊ SEA-PLM ၏ဦးစီးကော်မတီဝင်များ၊ နည်းပညာပံ့ပိုးမှု အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

 

သင်တန်းအားဇန်နဝါရီ (၇) ရက်မှ (၉) ရက်အထိသုံးရက်ကြာ ဖွင့်လှစ်သွား မည်ဖြစ်ပြီးသင်တန်းတွင် စစ်ဆေးအကဲဖြတ်မည့် (၂၀၂) ကျောင်းမှ ကျောင်းအုပ်ကြီးများ ကကျောင်းညှိနှိုင်းရေးမှူးများ အဖြစ်လည်းကောင်း၊ စစ်ဆေးမည့် ကျောင်းနှင့်တစ်မြို့ နယ်တည်းရှိအခြားကျောင်းမှ ဆရာ၊ ဆရာမ(၂၈၂)ဦးက ကြီးကြပ်ရေးမှူးအဖြစ်လည်း ကောင်းတာဝန်ယူဆောင်ရွက်ရန် သင်တန်းတက်ရောက်ကြကြောင်း သိရသည်။

 

(သတင်းစဉ်)

 

DSC_8820