အရှေ့တောင်အာရှ တက္ကသိုလ်ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အဖွဲ့ ရွှေသုံးခု၊ ငွေတစ်ခု ထပ်မံရရှိ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ် အားကစားပြိုင်ပွဲ၏ ဗိုဗီနမ်ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်နှင့် ညနေပိုင်းက ဆက်လက်ကျင်းပရာ မြန်မာဗိုဗီနမ်အဖွဲ့က ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်တစ်ခု ထပ်မံရရှိခဲ့သည်။

ပြိုင်ပွဲဒုတိယနေ့တွင် အပြပြိုင်ပွဲ လေးမျိုး၊ အတိုက်ပြိုင်ပွဲနှစ်မျိုး ကျင်းပခဲ့ပြီး မြန်မာဗိုဗီနမ်အဖွဲ့က ပြိုင်ပွဲလေးမျိုးတွင် ဆုတံဆိပ်ရယူနိုင်ခဲ့့ခြင်းဖြစ်သည်။ မြန်မာဗိုဗီနမ်အဖွဲ့အတွက် ရွှေတံဆိပ်ဆုများကို အမျိုးသမီး တစ်ကိုယ်တော် ဓားတစ်လက်အပြပြိုင်ပွဲတွင် မေဟန်နီအောင်လွင်၊ အမျိုးသားအသင်းလိုက် လေးယောက်တွဲပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ဖြိုးမင်းစိုး၊ နိုင်ထွန်းအတွဲ၊ အမျိုးသားတစ်ကိုယ်တော် လက်သိုင်းပြိုင်ပွဲတွင် ရာဇာထွန်းတို့က ရရှိခဲ့ပြီး ငွေတံဆိပ်ဆုကို အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် ရာဇာထွန်းက ရရှိခဲ့သည်။ ရာဇာထွန်းသည် ယနေ့ကျင်းပသည့်ပြိုင်ပွဲတွင် ရွှေတစ်ခု၊ ငွေတစ်ခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အတိုက်ပြိုင်ပွဲတွင် မြန်မာကစားသမားများ ဆုတံဆိပ်နှင့် လွဲချော်ခဲ့ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းကစားသမားများက ရွှေတံဆိပ်ဆုရရှိခဲ့သည်။

ပြိုင်ပွဲနောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ်ငါးခု ချီးမြှင့််မည်ဖြစ်သည်။ မြန်မာဗိုဗီနမ်အဖွဲ့သည် ဒုတိယနေ့အပြီးတွင် ရွှေငါးခု၊ ငွေသုံးခု၊ ကြေးနှစ်ခု ဆွတ်ခူးရရှိထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်