အရှေ့တောင်အာရှ တက္ကသိုလ်ပြိုင်ပွဲတွင် မြန်မာကရာတေးအဖွဲ့ ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခု ထပ်မံရရှိ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ် အားကစားပြိုင်ပွဲ ကရာတေးပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်နှင့် ညနေပိုင်းက ဆက်လက်ကျင်းပရာ မြန်မာကရာတေးအဖွဲ့က ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခု ဆွတ်ခူးရရှိခဲ့သည်။

 

ကရာတေးပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်မှစ၍ ကျင်းပလျက်ရှိပြီး ဒုတိယနေ့တွင် ကုမိတဲ့ပြိုင်ပွဲများ ကျင်းပခဲ့သည်။ ကုမိတဲ့ပြိုင်ပွဲ ကီလိုတန်း ခုနစ်တန်း ထည့်သွင်းကျင်းပခဲ့ပြီး မြန်မာကရာတေးအဖွဲ့မှာ ပြိုင်ပွဲလေးမျိုး၌ ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာကရာတေးအဖွဲ့အတွက် ရွှေတံဆိပ်ဆုများကို အမျိုးသား ကီလို ၆၀ တန်းတွင် အောင်ခင်စစ်၊ အမျိုးသမီး ၅၀ ကီလိုတန်းတွင် သဇင်အေးတို့က ရယူနိုင်ခဲ့သည်။ ငွေတံဆိပ်ဆုကို အမျိုးသမီး ၅၀ ကီလိုတန်းပြိုင်ပွဲမှ ရွှေရည်ဝင်း၊ ကြေးတံဆိပ်ဆုများကို အမျိုးသမီး ၅၅ ကီလိုတန်းမှ မေမြန်မာညွှန့်ဦးခင်၊ အမျိုးသား ၆၀ ကီလိုတန်းမှ ကျော်ဇင်ထက်၊ အမျိုးသား ၆၇ ကီလိုတန်းမှ အောင်သော်ဇင်သိန်းစိုးတို့က ရယူနိုင်ခဲ့သည်။ မြန်မာကရာတေးအဖွဲ့သည် ဒုတိယနေ့အပြီးတွင် ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်လေးခု ရရှိထားသည်။

 

ကရာတေးပြိုင်ပွဲနောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ကုမိတဲ့ အသင်းလိုက်ပြိုင်ပွဲ ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ