နေပြည်တော် ၁၁ စက်တင်ဘာ

ကာကွယ်ဆေးနည်းပညာ ဖြစ်ထွန်းတိုးတက်မှုများနှင့်စပ်လျဉ်း၍ Johns Hopkins Medical Institutions ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့၊ CDC ၊ PATH ၊ John Snow Inc ၊ The Chinese University of Hong Kong ၊ University of Melbourne တို့မှ ပညာရှင်များနှင့် အရှေ့တောင်အာရှဒေသနိုင်ငံများမှ ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက် မန်နေဂျာများအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

 

6951

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နောက်ဆုံးပေါ်အသိပညာ၊ နည်းပညာများနှင့် အတွေ့အကြုံကောင်းများကို ဆွေးနွေးမျှဝေကြမည်ဖြစ်၍ များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ ထင်ရှားသော တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ ပညာရှင်များက မတူညီသော ရှုထောင့်အမျိုးမျိုးမှ တင်ပြဆွေးနွေးကြမည်ဖြစ်၍ စဉ်းစားတွေးခေါ်မှု အသစ်များကို ဖြစ်ထွန်းပေါ်ပေါက်စေမည်ဟု ယုံကြည်ပါကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းသည် ကျွမ်းကျင်မှုနှင့်နည်းပညာ၊ ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ မတူကွဲပြားခြားနားသော လူမှုစီးပွား ပတ်ဝန်းကျင် အခြေအနေများ၊ အအေးလမ်းကြောင်း ထိန်းသိမ်းရေး စသည့် အမျိုးမျိုးသော စီမံခန့်ခွဲရေးများကို ပါဝင်ဆောင်ရွက်ရသဖြင့် အလွန်ကျယ်ပြန့်သော လုပ်ငန်းဖြစ်ပါကြောင်း။

ကာကွယ်ဆေးထိုး လုပ်ငန်းနှင့်ပတ်သက်၍ အသုံးချ သုတေသနများပြုလုပ်၍ လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ အားနည်းချက်များကိုဖော်ထုတ်ပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်စေလိုပါကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်း သတင်းအချက်အလက်များကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာ လေ့လာဆန်းစစ်ပြီး တွေ့ရှိချက်နှင့် အကြံပြုချက်များကို သက်ဆိုင်သူများသို့ ပြန်လည်ပေးပို့အကြောင်းကြားခြင်း လုပ်ငန်းများကို ကျန်းမာရေးစောင့်ရှာက်မှုစနစ် အဆင့်ဆင့်မှ တာဝန်ရှိသူများက ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်ရှိရန်လည်း လေ့လာသင်ကြားရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေး အသိပညာအဆင့်အတန်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်မှုတို့သည် တိုက်ရိုက်ဆက်စပ်နေပါကြောင်း၊ ကာကွယ်ဆေးနှင့် ပတ်သက်သော ပြည်သူများ၏ အသိပညာမြင့်မားလာပါက ကာကွယ်ဆေး ထိုးစုရပ်များသို့ ပိုမိုလာရောက်ထိုးနှံလာမည်ဖြစ်ပြီး ကာကွယ်ဆေး လွှမ်းခြုံမှုရာခိုင်နှုန်း ပိုမိုမြင့်မားလာ မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် ရာသီတုပ်ကွေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဆုံဆို့နာရောဂါ၊ ရိုတာဝမ်းပျက်ဝမ်းလျှောရောဂါ၊ သားအိမ်ခေါင်းကင်ဆာ၊ ခွေးရူးရောဂါနှင့် အသည်းရောင်အသားဝါ ဘီစသောကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကို ဘက်စုံသုံးသပ်ဆွေးနွေးသွားကြမည်ဖြစ်သည်။ 

သတင်းစဉ်