ဟနွိုင်း  မတ်  ၁၀

အရှေ့အလယ်ပိုင်းတွင်ဖြစ်ပွားနေသော    ပဋိပက္ခကြောင့် အရှေ့တောင်အာရှနိုင်ငံများ၌  စက်သုံးဆီ ထောက်ပံ့မှုအခက်အခဲများ ကြုံတွေ့လျက်ရှိချိန်တွင် အချို့အရှေ့တောင်အာရှနိုင်ငံများ၌  စက်သုံးဆီမပြတ်တောက်‌‌ရေး  မူဝါဒများ  ချမှတ်လုပ်ဆောင်လျက်ရှိသည်။

ဗီယက်နမ်နိုင်ငံတွင် စက်သုံးဆီပြတ်တောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိပြီး အချို့စက်သုံးအရောင်းဆိုင်များ၏ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းထားရသည်။ ဗီယက်နမ်နိုင်ငံသည် စက်သုံးဆီ တင်သွင်းမှုတွင်   အရှေ့အလယ်ပိုင်းကို   အဓိကမှီခိုနေရသည်။

ဗီယက်နမ်နိုင်ငံ၌ စက်သုံးဆီအရောင်းဆိုင် ၁၄ ဆိုင် လတ်တလောတွင် စက်သုံးဆီရောင်းချမှုများ ရပ်တန့်ထားရပြီး အခြားခုနစ်ဆိုင်၌ အကန့်အသတ်ဖြင့် ရောင်းချနေရသည်။

မတ်လကုန်အထိ စက်သုံးဆီ အလုံအလောက်ရှိပြီး  စက်သုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း  အစိုးရကပြောသည်။  အကယ်၍ အရှေ့အလယ်ပိုင်း  ပဋိပက္ခဆက်လက်ဖြစ်ပေါ်ပြီး စက်သုံးဆီ ယခုထက်ပိုမိုပြတ်လပ်သွားမည်ဆိုပါက နေ့စဉ်လှုပ်ရှားသွားလာမှုတွင် အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်လာမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်။

ထိုင်းနိုင်ငံတွင် စွမ်းအင်ချွေတာရန်  အစိုးရရုံးများနှင့် ပုဂ္ဂလိကကုမ္ပဏီများမှ  ဝန်ထမ်းများကို မတ် ၁၀ ရက်မှစကာ အိမ်မှအလုပ်လုပ်ရန် ညွှန်ကြားထားသည်။

အင်န်အိတ်ချ်ကေ