ဘန်ကောက် ဖေဖော်ဝါရီ ၃
ကိုဗစ်-၁၉ ကပ်ရောဂါကို ပိုပြီးထိန်းချုပ်လာနိုင်သည့်အတွက် အရှေ့တောင်အာရှရှိ နိုင်ငံများသည် ၎င်းတို့၏ ပြည်ဝင်ခွင့် အခြေအနေများကို စတင်ဖြေလျှော့ပေးနေပြီဖြစ်သည်။
အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကြောင့် ရက် ၄၀ ကြာ ကွာရန်တင်း လျှော့ပေါ့မှုများကို ရပ်ဆိုင်းထားပြီးနောက် ယခုအခါတွင် ထိုင်းနိုင်ငံ၌ ကွာရန်တင်း လျှော့ပေါ့မှုများကို ပြန်လည်လုပ်ဆောင် ပေးနေပြီဖြစ်သည်။
နိုင်ငံပေါင်းစုံမှ ကာကွယ်ဆေးအပြည့် ထိုးထားသည့် ခရီးသွားများသည် ကွာရန်တင်းလျှော့ပေါ့ခွင့်ကို လျှောက်ထားနိုင်သည်။ ခရီးသွားများသည် ထိုင်းနိုင်ငံ မရောက်မီ ကိုဗစ်-၁၉ စစ်ဆေးမှုတစ်ခုကို ကြိုတင် လုပ်ဆောင်ထားရမည်ဖြစ်သလို နိုင်ငံအတွင်း ပထမသီတင်းပတ်မှာပင် ကိုဗစ်စစ်ဆေးမှုနှစ်ခု လုပ်ဆောင် ရမည်ဖြစ်သည်။
ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှုသစ်များ မြင့်တက်လာသောကြောင့် ကွာရန်တင်းလျှော့ပေါ့ခွင့် ကို ဒီဇင်ဘာနှောင်းပိုင်းမှစကာ ရပ်ဆိုင်းခဲ့သည်။
ထိုင်းအစိုးရက ကိုဗစ်-၁၉ သေဆုံးနှုန်းကျဆင်းခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အခြေ အနေကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောသည်။ မကြာသေးမီရက်များအတွင်း နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၇၀၀၀ မှ ၈၀၀၀နီးပါးရှိသည်။
ထို့အတူ အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေ ကမ်းခြေသည် နိုင်ငံခြားသားခရီးသွားများကို ယခုသီတင်းပတ်မှစကာ ပြန်လည်ကြိုဆိုလက်ခံနေပြီဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်ထိုးထားသူများအတွက် ကွာရန်တင်းကာလကို ခုနစ်ရက်မှ ငါးရက်အထိ လျှော့ချလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ အခြေအနေများ ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ အင်ဒိုနီးရှားနိုင်ငံသည် ဂျပန်နိုင်ငံမှ ဘာလီသို့ တိုက်ရိုက်လေယာဉ် ပျံသန်းပြေးဆွဲမှုများကို ပြန်လည်စတင်ရန် အဆင့်သင့်ဖြစ်လျက်ရှိသည်။ ။
ထို့အတူ ဖိလစ်ပိုင်နိုင်ငံသည်လည်း လာမည့်သီတင်းပတ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်ထိုးထားသည့် နိုင်ငံခြားသားခရီးသွားများအတွက် ကွာရန်တင်းမလိုဘဲ ပြည်ဝင်ခွင့် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။ နိုင်ငံ့နယ်စပ်ဒေသများကို နှစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည်။
အင်န်အိတ်ချ်ကေ