၂၁ ဇွန်
အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ ခရီးသွားအစီအစဉ်ရိုက်ကူးရန် အတွက် ကျော်ကျော်ဗိုလ်က မိသားစုနှင့်အတူ သွားရောက်ရန်ရှိကြောင်း သိရသည်။
“ အရင်က ကျွန်တော့်ရဲ့ ခရီးသွား အစီအစဉ်တွေက မြန်မာပြည်တွင်း သွားဖြစ်တာတွေဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ Passionate Travelled နဲ့ တိုင်ပင်ပြီး အရှေ့တောင် အာရှနိုင်ငံတွေကို သွားဖို့ စီစဉ်ဖြစ်တာပါ။ မြန်မာပြည်က တော်တော်များများ သွားဖူးနေတဲ့ ထိုင်း၊ မလေးရှား နဲ့စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော့် ခရီးစဉ်တွေမှာဆိုရင် ပြည်တွင်းမှာ အများစိတ်ဝင်စားအောင် သဘာဝတောတောင် ရှုခင်းတွေကို အဓိကထားပြီး သွားရောက်သလို၊ ပြည်ပခရီးစဉ်ကိုတော့ ဖွံဖြိုးပြီးသား နိုင်ငံတွေရဲ့ လူနေမှုစနစ်နဲ့၊ အကျင့်စရိုက် တွေ စည်းကမ်းတွေ ပြီးတော့ အများပြည်သူနဲ့ ပတ်သက်တာတွေကို အတုယူ မှတ်သား နိုင်ဖို့အတွက်ကိုပဲ အဓိကထားပြီး ပြသမယ်။ နောက်တစ်ခုက ကျွန်တော့် ခရီးစဉ်တွေမှာ မိသားစုလိုက် တခါမှ ခရီးမသွားဘူးသေး ဘူး။ဒါကြောင့် ပရိသတ်တွေ ပျော်ဖို့ အတွက်လည်း စဉ်းစားပြီးမှ ကျွန်တော့်ရဲ့ program မှာ မိသားစုကိုထည့်ဖြစ်သွားတာပါ။ မှတ်မှတ်ရရ ဖြစ်သွားတာပေါ့။ သမီးကိုလည်း မရောက်ဖူးတဲ့ နေရာတွေ ရောက်ဖူးအောင်ပါ " ဟုပြောသည်။
ကျော်ကျော်ဗိုလ်က လက်ရှိအနုပညာလှုပ်ရှားမှုအဖြစ် ဇာတ်လမ်း ဦးချမ်းသာ(ရွှေမန်းသဘင်)၊ ဇာတ်ညွှန်း အကယ်ဒမီငြိမ်းမင်း၊ ဒါရိုက်တာက ဝင်းထွန်းထွန်း(အနုပညာပြချက်)ဖန်တီးရိုက်ကူးထားပြီး သရုပ်ဆောင် ဦးကျော်သူ၊ ရန်အောင်၊နေမျိုးအောင်၊မင်းမော်ကွန်း၊မြင့်မြတ်၊ဟိန်းဝေယံ၊ စိုးမြတ်သူဇာ တို့နှင့် တွဲဖက်၍ Myanmar Media 7 မှ ထုတ်လုပ်ရိုက်ကူးသည့် " ဝိဉာဉ်စိမ်း" ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇွန် ၂၉ ရက် တွင် ရုံတင်ပြသသွားမည်ဟုသိရသည်။
"သရဲကားဆိုပေမယ့် ခြောက်လှန့်နေတဲ့ သရဲကားပုံစံမျိုး မဟုတ်ပါဘူး။ လွမ်းဆွတ်ဖွယ် ရသလေးကို ပေးထားတာဆိုတော့ တမျိုးတော့ ထူးခြားတာပေါ့နော်။ တစ်ခါတစ်လေ ကျွန်တော်တို့တွေမှာ ပစ်ပယ်လိုက်လို့ မရတဲ့ မိရိုးဖလာ အစွဲတွေ ကိစ္စရပ်တွေရှိတယ်။ တချို့က လွဲမှားလို့ မရတဲ့ အယူအဆလေးတွေရှိတယ်လေ။ အများစု လက်ခံနိုင်တဲ့ အပေါ်မှာ အဲဒီ အယူအဆတွေ မှားသွားနိုင်တယ်ဆိုတဲ့ အသိကို ပေးထားတာပါ။ သရဲကား တိုင်းက ကြောက်စရာကောင်းတာ မဟုတ်ဘူး။ တစ်ခါတရံ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ အကြောင်းလေး တွေလည်း ရှိတတ်တယ် ဆိုတာကို ပြထားတယ်။ သရဲကားလေးကို လွမ်းလွမ်းဆွတ်ဆွတ်ကြည့်ရမယ်ပေါ့ဗျာ " ဟု သရုပ်ဆောင် ကျော်ကျော်ဗိုလ်က ပြောကြားသည်။
ကိုလင်း