ဂျမ်ဘီ ၁၁ စက်တင်ဘာ
အင်ဒိုနီးရှားနိုင်ငံ၏ မိုးသစ်တောနေရာတစ်ခွင်တစ်ပြင်တွင် ကြီးမားသည့် တောမီးလောင်မှုများနှင့်ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် အရှေ့တောင်အာရှဒေသတွင် စာသင်ကျောင်းပေါင်းများစွာ ပိတ်ထားရကြောင်း အရာရှိများက ယနေ့ပြောကြားသည်။
ဆူမတြားနှင့် ဘော်နီယိုကျွန်းအတွင်းရှိ သစ်တောဧရိယာအများအပြားတွင် တောမီးများလောင်ကျွမ်းလျက်ရှိရာ ထောင်ချီသည့် မီးသတ်သမားများက ငြှိမ်းသတ်ရန် ကြိုးစားလျက်ရှိသည်။ ယင်းတောမီးလောင်မှုများသည် သီးနှံစိုက်ပျိုးရန်အတွက် မြေရှင်းလင်းရာမှ စတင်သည်ဟုဆိုသည်။
ကွာလာလမ်ပူမြို့တွင်းနှင့် ဝန်းကျင်တွင် လေထုအရည်အသွေးသည် ကျန်းမာရေးထိခိုက်နိုင်သည့်အဆင့်သို့ ကျဆင်းသွားသည်ဟု အစိုးရ၏လေထုညစ်ညမ်းမှုညွှန်းကိန်း ထုတ်ပြန်ချက်အရ သိရှိရပြီး မိုးကောင်းကင်သည် ထူထဲသည့် မီးခိုးငွေ့များဖြင့် ပိတ်ဖုံးလျက်ရှိသည်။ သစ်ရွက်များ မီးလောင်ရာမှထွက်လာသည့် အနံ့များသည် လေထုထဲတွင်ပြည့်နှက်နေပြီး ဒေသခံများသည် အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများနှင့် ရင်ဆိုင်နေရ ကာ ယားယံခြင်း၊ မျက်စိစပ်ခြင်း ခံစားရသည်ဟု တင်ပြချက်များရှိသည်။
စင်ကာပူနိုင်ငံတွင်လည်း ယင်းမီးခိုးငွေ့များဖုံးလွှမ်းနေသည်။ ထိုင်းနိုင်ငံတောင်ပိုင်း အချို့ဒေသများရှိ ဒေသခံများကို ယခုသီတင်းပတ်အတွင်း မျက်နှာဖုံးများ အသုံးပြုကြရန် အကြံပြုထားကြောင်း သိရသည်။
မလေးရှားနိုင်ငံ ဘော်နီယိုကျွန်း ဆာရာဝပ်ပြည်နယ်အတွင်းရှိ ခရိုင်ကိုးခုတွင် စာသင်ကျောင်းပေါင်း ၄၀ဝ ကို အင်္ဂါနေ့က ပိတ်ခဲ့ရသဖြင့် ကျောင်းသားပေါင်း ၁၅၀ဝ၀ဝ ကျော်စာသင်ကြားမှု ထိခိုက်ခဲ့ကြောင်း ယင်းဒေသရှိ ပညာရေးဌာနက ပြောကြားသည်။
အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံဆူမတြားကျွန်းရှိ ဂျမ်ဘီပြည်နယ်တွင် မူကြိုကျောင်းများကို သောကြာနေ့အထိ ပိတ်ထားရပြီး မူလတန်းကျောင်းများနှင့် အလယ်တန်းကျောင်းများကိုလည်း ယာယီပိတ်ထားရကြောင်း ဒေသအာဏာပိုင်များက ပြောကြားကြောင်း သိရသည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-အောင်ဇော်လင်း