အရှေ့တောင်အာရှတွင် နိုင်ငံ့ ဂုဏ်မြှင့်တင်

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ၊ အားကစားကွင်း အသီးသီး၌ ကျင်းပလျက်ရှိရာ ပြိုင်ပွဲကျင်းပရက် သုံးရက်အတွင်း မြန်မာ အသင်းတို့က ရွှေတံဆိပ် ရှစ်ခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် ငါးခု ဆွတ်ခူးရရှိခဲ့သည်။

နိုင်ငံတကာအခမ်းအနားများ၊ ပြိုင်ပွဲများကို မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရသည်မှာ နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာအခင်းအကျင်းတစ်ခုအား ဖန်တီးဖော်ဆောင်ပေးနိုင်ခြင်းကို ပြသခြင်းဖြစ်သလို ပိုမိုတိုးတက်ကောင်းမွန်သော အသိအမြင်များ၊ အခွင့်အလမ်းကောင်းများကို တစုတစည်းတည်း ရယူနိုင်သော အခင်းအကျင်း ဖြစ်သည်။

နိုင်ငံတကာအဆင့်မီ အားကစားပြိုင်ပွဲ အခင်းအကျင်းများကို မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ် ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးပြီးသည့် နောက် ယခု (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ထပ်မံကျင်းပခွင့်ရသဖြင့် အတိုင်းမသိ ဂုဏ်ယူ ဝမ်းမြောက်မိသည်။

ထိုကဲ့သို့ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်နိုင်သည်ကို မြန်မာတို့အဖို့ ဂုဏ်ယူ ဝမ်းမြောက်ကြပြီး တို့မြန်မာများနိုင်ရမည်ဟူသည့် အောင်စိတ်တို့ကို မြန်မာတစ်မျိုးသားလုံး ဖွင့်ဟကြွေးကြော်ကြသည့် အမျိုးသားအောင်ပွဲ အားမာန်တက်သောနေ့များနှင့် တူသည်။

ယခု ကျင်းပနေသော အာဆီယံတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ လူငယ် လူရွယ်များ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရခြင်းသည် အနာဂတ်မြန်မာနိုင်ငံအတွက် အားကစားကဏ္ဍ၏ ရွှေခေတ်ကို ရည်မျှော်တက်လှမ်းနိုင်မည့် အခွင့်အလမ်းကောင်းများပင် ဖြစ်သည်။

အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၁၉၈၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးတွင် နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပခဲ့ရာ ယခု ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ (၁၉)ကြိမ်မြောက်အဖြစ် ပထမဆုံးကျင်းပခွင့်ရခဲ့သည်မှာ ရတောင့်ရခဲ အခွင့်အရေးတစ်ခု ဖြစ်သည်။ ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမား စုစုပေါင်း ၂၀၇၈ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အားကစားနည်း ၁၇ နည်းတွင် ပြိုင်ပွဲအမျိုးအစား ၂၀၁ မျိုးဖြင့် ကျင်းပလျက်ရှိသည်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများမှတစ်ဆင့် အာဆီယံလူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုများ ရရှိလာစေရေး၊ မိမိတို့၏ အားကစားစွမ်းရည်များကို ထုတ်ဖော် ပြသခွင့် ရရှိလာစေခြင်းဖြင့် အာဆီယံဒေသအတွင်း ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ တက္ကသိုလ် အားကစားသမားများအကြား သက်ဆိုင်ရာ တက္ကသိုလ်အသီးသီး၏ အချက်အလက်များနှင့် ယဉ်ကျေးမှု ဆိုင်ရာများကို အချင်းချင်း အပြန်အလှန် လေ့လာဖလှယ်ခွင့်ရရှိစေရေး တို့သည် ထူးခြားကောင်းမွန်သော ရည်ရွယ်ချက်များပင် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအကြား အားကစားဖြင့် ချစ်ကြည်ရေးကို တိုးမြှင့်ခိုင်မာစေရန်ရည်ရွယ်ပြီး လူငယ် နှင့် ချစ်ကြည်ရေး ဆောင်ပုဒ်နှင့်အညီ ကျင်းပခြင်းဖြစ်ရာ မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအတွက် နိုင်ငံတကာ အသိအမြင်များ၊ နိုင်ငံတကာ နှင့် ထိတွေ့ဆက်ဆံနိုင်မှုများကို တိုးမြှင့်ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရသည့် အလားတူ နိုင်ငံတကာ အားကစားပြိုင်ပွဲများမှတစ်ဆင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် အခင်းအကျင်းများ ဖြစ်စေသကဲ့သို့ မြန်မာနိုင်ငံအတွက် အောင်စိတ်များ၊ အောင်မြင်မှုများကို တိုးတက်ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ကြေးမုံ