တီဟီရန် မေ ၁၄
အီရန်အပေါ် အမေရိကန်က အရေးယူပိတ် ဆို့မှုများထပ်မံချမှတ်ခြင်းသည် နျူကလီးယား အရေးဆွေးနွေးမှုကို ဆန့်ကျင်ရာရောက်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဗဂါအီက မေ ၁၄ ရက်တွင် ပြောကြားသည်။
အီရန်နှင့် အမေရိကန်တို့သည် အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် နျူကလီးယားအရေး ဆွေးနွေးနေစဉ်အတွင်း အမေရိကန်တာဝန်ရှိသူများသည် ၎င်းတို့၏တစ်ဖက်သတ် လိုလားချက်များ တောင်းဆိုနေသည်ကို တွေ့ရှိရကြောင်း ၎င်းကပြောကြားသည်။ အီရန် တာဝန်ရှိသူများအနေဖြင့်ဆွေးနွေးပွဲမှ အပြုသဘောဆောင်သည့်ရလဒ်များကိုသာ ရရှိရန် မျှော်မှန်းဆွေးနွေးခဲ့ခြင်းဖြစ်ကာ အကျိုးမဲ့ အချိန်ဖြုန်းသည့်လုပ်ရပ်ကို ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဟု ၎င်းကပြောကြားသည်။
အီရန်အနေဖြင့် မိမိနိုင်ငံအတွက် အကျိုးရှိမည့် နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေးဆောင်ရွက်ချက်များကို ထပ်မံဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်၏ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက်လည်း ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။ အီရန်နိုင်ငံသား သုံးဦးနှင့် အီရန်နိုင်ငံမှ အဖွဲ့အစည်းတစ်ခုအား အရေးယူပိတ်ဆို့မှုချမှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားသည်။ အီရန်နှင့် အမေရိကန်တို့သည် လေးကြိမ်မြောက် နျူကလီးယားအရေး ဆွေးနွေးပွဲကို အိုမန်နိုင်ငံ မူစကက်မြို့တွင် မေ ၁၁ ရက်က ကျင်းပခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ