၁၃  မေ

(ယမန်နေ့မှ အဆက်)


ဒေသစီးပွားရေးတိုးတက်ထုတ်လုပ်မှုယခုအချိန်တွင် မြစ်ကြီးနား-ပူတာအိုလမ်းမှာ နွေ၊ မိုး၊ ဆောင်းသွားလာနိုင်ပြီး  ရက်သတ္တပတ်ကြာခဲ့သော လမ်းခရီးမှာ ယခုအခါ တစ်ရက်ခရီးဖြင့် သွားလာနိုင်ပြီဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် ခရီးသွားလာရေး အဆင်ပြေလွယ်ကူလာသည်။ လေယာဉ်လမ်းကြောင်းများလည်း နေ့စဉ်ပြေးဆွဲလျက်ရှိရာ ဒေသဖွံ့ဖြိုးတိုးတက်မှုမှာ မြန်ဆန်လာခဲ့သည်။

 

eef

 

လျှပ်စစ်မီးရရှိမှု


ဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ကဏ္ဍသည်အရေးကြီးသည့်အတွက် ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်၊ မြို့များတွင်  လျှပ်စစ်မီး  တိုးတက်ရရှိအောင်  ဆောင်ရွက်ပေးလျက်ရှိသည်။

 

၂၀၁၈  ခုနှစ်အထိ    အသေးစားရေအားလျှပ်စစ်စက်ရုံနှင့် ဒီဇယ်သုံးလျှပ်စစ်စက်ရုံများဖြင့်သာ  ပူတာအိုမြို့တွင် တစ်ရက်လျှင် ၁၉ နာရီခန့်နှင့် အခြားမြို့များတွင် သုံးနာရီခန့်  အလှည့်ကျ  လျှပ်စစ်ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း    ယခုအခါ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ပြီးစီးခဲ့သဖြင့် ပူတာအိုမြို့ပေါ်  ရပ်ကွက်  ၁၀  ခု၊  ကျေးရွာ၂၀နှင့်  မချမ်းဘောမြို့ပေါ် ရပ်ကွက်လေးခုနှင့်  ကျေးရွာသုံးရွာတို့ကို  ၂၄နာရီလုံး  လျှပ်စစ်ဓာတ်အား  ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး  အခြားမြို့နယ်များတွင်လည်း တစ်ရက်လျှင် ငါးနာရီခန့် အထိ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်သည်။

 

ef

 

ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်ကဏ္ဍတိုးတက်လာသည့်အတွက် မိသားစု  တစ်ပိုင်တစ်နိုင် အသေးစားစက်မှုလုပ်ငန်းများမှသည်  အကြီးစားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ များပြားလာပြီဖြစ်ရာ ပူတာအိုဒေသ၏ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်သည်။

 

klo

 

ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ

 

မြန်မာပြည်မြောက်ဖျားပိုင်း  ပူတာအိုဒေသသည်ထူးခြားသော    ဘူမိရုပ်သွင်ရှိသည့်    ဒေသဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများအတွင်း တစ်နှစ်ပတ်လုံး ရေခဲများဖုံးလွှမ်းရာ ဒေသတစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွက်လည်း ဂေဟစနစ်(Ecosystem)နှင့် ဇီဝမျိုးစုံမျိုးကွဲ(Biodiversity)ဆိုင်ရာ အရေးပါသည့် နယ်မြေတစ်ခုလည်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့်ထိစပ်လျက်ရှိပြီး ဟိမဝန္တာအရှေ့ဖျားနှင့်လည်း ဆက်စပ်နေသည်။ မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့်ဧရာဝတီမြစ် မြစ်ဖျားခံရာ အဓိကရေဝေရေလဲဒေသလည်းဖြစ်သည်။ ဟိမဝန္တာအရှေ့ဖျား ဌာနေငှက်မျိုးစိပ်များ ကျက်စားရာဒေသအဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ၏ အရေးကြီးငှက်မျိုးစိပ်များ ထိန်းသိမ်းရာဒေသ လည်းဖြစ်သည်။

 

ရှားပါးသော သစ်ခွမျိုးများအပါအဝင် အပင်မျိုးစိပ်များ၊ တောရိုင်းတိရစ္ဆာန်များနှင့် တိုင်းရင်းဆေးပင်များ၊ တောရိုင်းတိရစ္ဆာန်များတွင် နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ငှက်များ၊ လိပ်ပြာများ၊ ငါးများ စုံလင်စွာတွေ့ရှိရပြီး မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များလည်း    တွေ့ရှိရသည်။   ထင်ရှားသော  တောရိုင်း တိရစ္ဆာန်များဖြစ်သည့် ပန်ဒါနီ၊ သားမင်း၊ ကတိုးဂျီ၊ ရေခဲတောင်ဆိတ်၊ တောင်ဆိတ်နီ၊ ဂုန်ရှန်ဂျီ(ချေ)၊ မျောက်မြီးရှည်၊ အာသံမျောက်၊ မျောက်လွှဲကျော်၊ အင်းကျား၊ မလေးဝက်ဝံ၊ ဟိမဝ္တာဝက်ဝံ၊ မိုနာရစ်ငှက်၊ ဇာမဏီငှက်နှင့် အောက်ချင်းလည်ပင်းနီငှက်တို့ နေထိုင်ကျက်စားလျက်ရှိသည့် ဒေသဖြစ်သည်။

 

[k

 

မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသတွင်လက်ရှိအချိန်အထိ သုတေသနပြု မှတ်တမ်းတင်ထား နိုင်သည့် ဇီဝမျိုးစုံမျိုးကွဲတို့မှာ  နို့တိုက်သတ္တဝါ  ၃၄မျိုး၊ ငှက်မျိုးစိတ်  ၄၉၂  မျိုး၊  အပင်မျိုးစိတ်  ၇၆၆  မျိုးတို့ဖြစ်သည်။

 

ဇီဝမျိုးစုံမျိုးကွဲများ

 

ဇီဝမျိုးစုံမျိုးကွဲများနှင့်ဆက်စပ်၍ တောင်တန်း ဂေဟစနစ်(Mountain Ecosystem)၊ သစ်တော ဂေဟစနစ်(Forest Ecosystem)၊ မြက်ခင်းဂေဟစနစ်(Grassland Ecosystem)၊ ကုန်းတွင်းရေဝပ်ဒေသဂေဟစနစ် (Inland Wetland Ecocsystem) စသည့် ဂေဟစနစ်များကို တွေ့ရှိရပြီး ဂေဟစနစ်များအပေါ်မူတည်၍  လူတို့သည် အစားအစာ၊ အသုံးအဆောင်၊ ဆေးဝါး၊ သန့်စင်သောလေ၊ သောက်သုံးရန်နှင့် စိုက်ပျိုးရန် ရေချိုတို့ကို စဉ်ဆက်မပြတ်ရရှိနေသည်။

 

op

 

ထို့အပြင် မြန်မာပြည်မြောက်ဖျားရှိ ခါကာဘိုရာ ဇီဒေသသည် ဟိမဝန္တာတောင်တန်းကြီး၏  တောင်စွယ်တစ်ခုဖြစ်သည်။ အမျိုးစုံလှသော သစ်တောကြီးများနှင့်သတ္တဝါမျိုးစိတ်များ၊ ဇီဝမျိုးများ  စုံလင်လှသည်။ ယင်းဒေသ၏ တည်ရှိရာနေရာမှာလည်း ဇီဝဘူမိဒေသ ကြီးများဖြစ်သော ယူရေးရှား (Eurasia)၊  အိန္ဒိယတိုက်ငယ်၊ အင်ဒိုချိုင်းနားဒေသတို့ ဆက်စပ်ဆုံစည်းရာ ဆုံမှတ်ကြီးလည်းဖြစ်သည်။ ထို့ကြောင့် ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝနေပြီး အခြားဒေသတွင် မတွေ့ရသောမျိုးစိတ်များကို တွေ့ရှိရသည်။ ဂေဟနယ်မြေကြီးနှစ်ခုဖြစ်သော အင်ဒိုမလေးယန်း (Indo-Malayan)နှင့် ပလေယား တစ်(Palaratic) ဂေဟနယ်မြေတို့နှင့် တွဲစပ်လျက်ရှိသည်။ တစ်နည်းအားဖြင့်  အပူပိုင်းဒေသဖွဲ့စည်းပုံနှင့် အအေးပိုင်းဒေသဖွဲ့စည်းပုံနှစ်ခုကို တစ်နေရာတည်းတွင်တွေ့ရှိရခြင်းဖြစ်သည်။

 

ထိုကဲ့သို့ သဘာဝအလှအပများနှင့် ပြည့်စုံသည့်ပူတာအိုဒေသတွင် သားငှက်တိရစ္ဆာန်များကို ကြည့်ရှုခံစားရန်  ခရီးသွားခြင်းဖြင့် သဘာဝနေရာများကို ပိုမိုထိန်းသိမ်းနိုင်ရန်ရည်ရွယ်လျက် သဘာဝအခြေခံ ခရီးသွား လုပ်ငန်းကို    ဖော်ဆောင်လျက်ရှိသည်။ တောတွင်း စွန့်စားခရီးသွားခြင်း၊ ခြေကျင်တောင်တက်ခြင်း၊ စက်ဘီး စီးခြင်း၊   သားငှက်တိရစ္ဆာန်ကြည့်ခြင်း၊   ဖောင်စီးခြင်း၊ ရိုးရာဓလေ့လေ့လာခြင်း၊  သစ်ပင်ပန်းမန်  လေ့လာရေး ခရီးစဉ်များလည်း ပါဝင်သည်။

 

(ဆက်လက်ဖော်ပြပါမည်)


နန္နာဝင်း