၃၁  ဩဂုတ်

ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအတည်ပြုလူနာ ကိန်းဂဏန်းများ နေ့စဉ် လျင်လျင်မြန်မြန် တိုးလာနေသည်။ ပြည်တွင်းရောဂါပိုးတွေ့ရှိမှု ဇယား၏ ထိပ်ဆုံးနေရာတွင် လူဦးရေ ထူထပ်များပြားလှသည့် ရန်ကုန်တိုင်းဒေသကြီးက တစ်သမတ်တည်း ရှိနေခဲ့သော်လည်း လက်ရှိအခြေအနေတွင် ရက်ပိုင်းမျှနှင့် ရခိုင် ပြည်နယ်က ဇယား၏ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကူးစက်မှု ရုတ်တရက် များပြားလာရခြင်း၏ အကြောင်းရင်းမှာ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ရောဂါကူးစက်ခံထားရသူများ ပုံမှန်အတိုင်းသွားလာနေထိုင် ထိတွေ့ ဆက်ဆံကြရာမှ တစ်ဦးနှင့်တစ်ဦး ကူးစက်မိပြီး ရုတ်တရက် ရောဂါပေါ်ပေါက်လာခြင်းကြောင့်ပင်ဖြစ်သည်။ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲစစ်ဆေးတွေ့ရှိချက်အရ မျိုးဗီဇ အစိတ်အပိုင်း တစ်ခုတွင် ပြောင်းလဲနေသည်ကို တွေ့ရှိရသည့်အတွက် ယင်းအချက်ကြောင့်ပင် ရောဂါကူးစက်မှု မြန်ဆန်နေရခြင်း ဖြစ်သည်ဟု ယူဆထားပြီး မျိုးဗီဇစစ်ဆေးမှုဆက်လက်ပြုလုပ်လျက် ရှိသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသူများ၏ ၇၉ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာမပြဘဲ နေကောင်းနေသူများ အသွင်ရှိနေခြင်းကလည်း စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲမှုနှင့် ကူးစက်ခံရသူများတွင် ရောဂါလက္ခဏာမတွေ့ရှိရမှုတို့က ကူးစက်မှုအရှိန်အဟုန်ကို မြင့်စေပြီး လျင်မြန်စွာပင် ပျံ့နှံ့သွားနိုင်သည့်အတွက် အရေးတကြီး အကြောင်းကိစ္စမရှိပါက အိမ်ပြင်သို့ မထွက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ အပြင်ထွက်သူများ၊ ပါးစပ်နှာခေါင်းစည်း မပျက်မကွက် တပ်ဆင်သွားခြင်း၊ မိမိ လက်ကိုဆပ်ပြာနှင့် ရေတို့ဖြင့် စနစ်တကျ စင်ကြယ်စွာ ဆေးကြော ခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ကြရန် အရေးကြီးလှသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်ထိန်းချုပ် နိုင်ရေးတွင် လူတိုင်းကိုယ်စီ တစ်ဦးချင်းတာဝန်ယူမှုနှင့် စုပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုတို့က အရေးပါကြောင်း သာဓကများ ရှိခဲ့ပြီးဖြစ်သည်။ ယင်းအချက်များကို အလေးမထားခဲ့သည့်အတွက် ကပ်ရောဂါ၏ ဖိစီးနှိပ်စက်ထိုးနှက်မှုကို အလူးအလဲ ခံစား ကြရသည်ကိုလည်း နိုင်ငံတကာဖြစ်စဉ်များတွင် တွေ့မြင်နိုင်သည်။ ယခုအခါ မိမိတို့နိုင်ငံတွင် ရခိုင်ပြည်နယ်သည် ကိုဗစ်-၁၉ ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်ရမည့် ရှေ့တန်းမျက်နှာစာ ဖြစ်လာသည့်အလျောက် ရောဂါထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလူမှုရေးဖြည့်ဆည်းမှုများကို အားထည့် ဆောင်ရွက်ရသည့်နေရာ ဖြစ်လာသည်။

ထို့အပြင် ရခိုင်ပြည်နယ်မှ ပြည်ထောင်စု၏အခြားဒေသအသီးသီးသို့ သွားရောက်ကြသူများမှတစ်ဆင့် ပြည်တွင်းကူးစက်မှုများ အဆင့်ဆင့်ထပ်မံဖြစ်ပွားမည့်အခြေအနေကို အလျင်အမြန်ကာကွယ် တားဆီးနိုင်ရန်လည်း လိုအပ်လာသည်။ ဩဂုတ်လ ၁၀ ရက်နေ့မှ ဤနောက်ပိုင်းရက်များအတွင်း ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများ စာရင်းကို နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်ပေးလျက်ရှိရာ ကာယကံရှင်များ အနေဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှုကို ခံယူကြရန် လိုအပ်နေသည်။ ရန်ကုန်မှတစ်ဆင့် ခရီးဆက်ကြသူများလည်း ရှိနိုင်သည့်အလျောက် ရောက်ရာဒေသရှိ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများထံ သတင်းပို့ကြရ မည်ဖြစ်သည်။ မြန်မြန်စစ်ဆေးကာ ရောဂါပိုးတွေ့ရှိပါကလည်း အချိန်မီကုသနိုင်ခြင်းဖြင့် မိမိနှင့်တကွ မိသားစုကိုရော ပတ်ဝန်းကျင် ကိုပါ ရောဂါကူးစက်မှုမှ ရှောင်ရှားနိုင်မည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း