ကံမ ၁၅ မတ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကြို့ပင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၈၇/၃ ပုသိမ်-မုံရွာလမ်းမကြီးပေါ်၌ မတ် ၁၄ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်က ဥသျှစ်ပင်မြို့ဘက်မှ မင်းဘူးမြို့ဘက်သို့ ယာဉ်မောင်းကျော်ဇေလတ်(၃၈)နှစ် မောင်းနှင်လာသော ဂါလံ ၂၆၀ဝ ဆံ့ ဆီသယ်မော်တော်ယာဉ် 7B/xxxx သည် အရှိန်ထိန်းသိမ်းနိုင်ခြင်း မရှိသဖြင့် လမ်း၏အနောက်ဘက်ခြမ်းရှိ ရပ်ထားသော မော်တော်ဆိုင်ကယ် ၄ စီးအားတိုက်မိပြီး ဆက်လက်၍ထက်သီရိကုန်စုံနှင့် အအေးဆိုင်အား ဝင်ရောက်တိုက်မိရာ လူ ၇ ဦး ဒဏ်ရာများအသီးအသီး ရရှိခဲ့ပြီး စိုးရိမ်ဖွယ်ရာ မရှိကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ထက်သီရိကုန်စုံနှင့် အအေးဆိုင်၏ အရှေ့ခြမ်း ပြိုကျပျက်စီးပြီး ဆိုင်အတွင်းရှိ ကုန်စုံများနှင့်စားပွဲများ၊ ထိုင်ခုံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ကျော်ဇေလတ်အား ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ကိုကိုကျော်(ကံမ)