အရှိန်မထိန်းနိုင်သည့်ယာဉ်မှ တိုးဂိတ်ငွေကောက်ခံသည့် အခန်းအား ဝင်ရောက်တိုက်မိ

နေပြည်တော် ၂၇ ဧပြီ

 

ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီး၊ အမှတ်(၃)တိုးဂိတ်တွင် ခရီးသည်တင် မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိုးဂိတ်ငွေကောက်ခံသည့် အခန်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မိတ္ထီလာမြို့နယ်၊ မုန်တိုင်ကျေးရွာနေ အောင်ဖြိုးမင်း (၂၈)နှစ်မောင်းနှင်လာသော 6J/×××× ခရီးသည်တင် မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အမှတ်(၃)တိုးဂိတ် LANE 7 ငွေကောက်ခံသည့်အခန်းအား ဝင်ရောက်တိုက်မိသဖြင့် အခန်းအတွင်းရှိ ကျော်ကျော်နိုင် (၁၉)နှစ်တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် အောင်ဖြိုးမင်းအား အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အရေးယူထားကြောင်း သိရသည်။

 

MDN