နေပြည်တော်  ၂၀  ဒီဇင်ဘာ 
    

မန္တလေးမြို့ အရိုးအထူးကုဆေးရုံကြီး(ကုတင် ၅၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်နှင့်အဖွဲ့သည် ရာထူးတာဝန်များကို အလွဲသုံးစားပြု၍ ဆေးရုံအတွင်း လုပ်ကိုင် လျက်ရှိသည့် တင်ဒါလုပ်ငန်းရှင်များထံမှ အမြတ်ထုတ် ကိုယ်ကျိုးစီးပွားရှာနေခြင်းအား အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
    

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အရိုးအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင် သည် အရိုးအထူးကုဆေးရုံဝင်းအတွင်း ယာဉ်ရပ်နားခ ကောက်ခံရေး လုပ်ငန်း တင်ဒါခေါ်ယူခြင်းနှင့် စပ်လျဉ်း၍  တင်ဒါရရှိအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ၂၀၁၇-၂၀၁၈ ခုနှစ်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင်နှစ်ဦးထံမှ ငွေကျပ် သိန်း(၃၀)စီ စုစုပေါင်း ငွေကျပ် သိန်း(၆၀)ကိုလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်နှင့် ၂၀၂၀-၂၀၂၁ ခုနှစ် တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင် နှစ်ဦးထံမှ ငွေကျပ် သိန်း(၄၀)စီ စုစုပေါင်း ငွေကျပ် သိန်း(၈၀)ကို လည်းကောင်း၊ အားလုံးစုစုပေါင်းငွေကျပ်သိန်း ၁၄၀ ကို တံစိုး လက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အရိုးအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန)သည် အရိုးအထူးကု ဆေးရုံကြီးဝင်းအတွင်း စက်ဘီး/ ဆိုင်ကယ်အပ်နှံခကောက်ခံခြင်း လုပ်ငန်းနေရာနှစ်ခုအတွက် ၂၀၁၇-၂၀၁၉ ခုနှစ် တင်ဒါရရှိရေး ကူညီဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကျပ် (၂)သိန်းကို လည်းကောင်း၊ တင်ဒါကော်မတီဝင်များအား ကန်တော့ရန်ဟုဆိုကာ ငွေကျပ်(၃)သိန်းကို လည်းကောင်း၊ တင်ဒါအောင်မြင်သူထံမှ ငွေကျပ် (၇)သိန်းခန့်တန်ဖိုးရှိ Camera နှင့် Laptop တို့ကိုလည်းကောင်း တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန)အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ လည်းကောင်း မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၁၁)နယ်မြေရဲစခန်း၊ ချမ်းအေးသာစံမြို့နယ်၌ ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။ 

 

(သတင်းစဉ်)