အောင်လင်း
၂၆-၉-၂၀၂၂ ရက်နေ့မှအဆက်
ဦးကျော်ဒင်သည် ဆေးပြင်းလိပ်ကိုခဲ၍ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ရှိသည်။
အားလုံးက သူ့အလုပ်နှင့်သူ အလုပ် များနေကြသလောက် ဦးကျော်ဒင်ကမူ သူ့အတွေးနှင့်သူ ငြိမ်ချက်သားကောင်း လှသည်။ ပစ္စည်းများ သိမ်းဆည်းပြီး သောအခါ ကားကိုယ်စီဖြင့် ထွက်ခဲ့ကြ သည်။ ရှေ့ဆုံးမှ ဦးကျော်ဒင်နှင့် ဒေါ်ခင်မျိုးသန့်တို့က ကားတစ်စီး၊ ထို့ နောက်မှ ဗစ်တာနှင့် မွန်တို့သူငယ်ချင်း တစ်သိုက်ကကားတစ်စီး၊ ထို့နောက်မှ ဗစ်တာ၏ ဒက်ဒီနှင့် မာမီ။
နောက်ဆုံးကားမှ ကိုဘခက်နှင့် တီးဝိုင်းသမားတို့က ကားတစ်စီးဖြင့် လိုက်လာခဲ့ကြသည်။
ကားတန်းကြီးသည် ‘မ’တို့အိမ်ဘက် သို့ တန်းတန်းမတ်မတ် မောင်းဝင်ခဲ့ကြ လေသည်။
‘မ’ တို့အိမ်ရှေ့တွင် ကားများ ထိုးရပ် လိုက်သောအခါ ဒေါ်ခင်မျိုးသန့်သည် ကားပေါ်မှဆင်း၍ ဗစ်တာနှင့် မွန်တို့အား လှမ်းခေါ်လိုက်သည်။
ဗစ်တာနှင့် မွန်သည် ရှေ့ဆုံးမှဝင်သွား သော ဒေါ်ခင်မျိုးသန့်နောက်မှကပ်၍ လိုက်ပါလာကြသည်။ ‘မ’သည် နောက်ဆုံးမှချန်၍လိုက်ပြီး သူ့အခန်း ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလေ သည်။
ဒေါ်ခင်မျိုးသန့်သည် စိန်ဘယက်ကို ထုတ်ယူပြီးနောက် မွန်၏ လည်တိုင် ကြော့ကြော့တွင် ညင်သာစွာ ဆွဲပေး လိုက်သည်။
ဒီဘယက်ဟာ မာမီတို့မင်္ဂလာဆောင် တုန်းက သမီးဒက်ဒီက လက်ဆောင်ပေး တဲ့ဘယက်ကလေးပဲ”
မွန်သည် ကျေနပ်စွာ ပြုံးလိုက်ပြီး နောက် ဗစ်တာ့ကို လှမ်း၍ကြည့်လိုက် သည်။
ပြီးမှ သူ့မာမီအား ကျေးဇူးတင်စကား ပြောလိုက်သည်။
“ကျေးဇူးတင်လိုက်တာ မာမီရယ်၊ သမီး ဒီဘယက်ကလေးကို သမီးတို့ သားစဉ်မြေးဆက်လက်ထဲကို ရောက် အောင်ထိ သမီး ထိန်းသိမ်းထားပါ့မယ်”
ထိုစဉ် မော်နှင့် ဘလှသန်းထွန်းတို့ အဖော်တစ်သိုက်သည် မွန်တို့ဘေး နားသို့ ဝိုင်းလာကြလေသည်။
“ကဲ...ကိုယ်တို့ကို ဘယ်လောက်ပေး မလဲပြော၊ မပေးရင်တော့ အိမ်အထိ လိုက်ပြီး ရွှေကြိုးတားမယ်”
မော့်စကားကို ဘလှသန်းထွန်းသည် ဝင်၍ ထောက်ခံလိုက်၏။
ဟုတ်တယ်...ဟုတ်တယ်၊ ဘယ်သူက ပေးမှာလဲ မွန်။ မပေးရင်တော့ အိမ်အထိ တောင် စောင့်မနေဘူး”
ဗစ်တာသည် မော့်ကို ပြုံး၍ကြည့်ရင်း အိတ်ထဲမှ ရာတန်တစ်ရွက်ကို ထုတ်ပေး လိုက်သည်။
မော်တို့လူသိုက်သည် ဗစ်တာပေး သော ရာတန်ကို ယူပြီးသည့်နောက် ဝမ်းသာအားရစွာ အော်ဟစ်ခုန်ပေါက်၍ ထွက်ခွာသွားကြလေသည်။
မော်တို့အားလုံး ထွက်သွားကြသော အခါ ဗစ်တာသည် ဦးကျော်ဒင်နှင့် ဒေါ်ခင်မျိုးသန့်တို့အား နှုတ်ဆက်လိုက် သည်။
“ကဲ...ဦး ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါ တော့။ ဒေါ်ဒေါ် ကျွန်တော်တို့ ပြန်ပါရ စေတော့”
ဦးကျော်ဒင်သည် ဗစ်တာနှင့် မွန်အား စေ့ငုစွာကြည့်လိုက်၏။
“အေး ... အေး ... မင်းတို့လင်မယား အသက်တစ်ရာ ပေါင်းကြရပါစေလို့ ဆုတောင်းပါတယ်”
မွန်သည် သူ့ဒက်ဒီနှင့် မာမီအား ဖက်၍ လှိုက်လှဲစွာ နှုတ်ဆက်လိုက်လေ သည်။
ပြီးမှ တစ်စုံတစ်ယောက်ကို သတိရ ဟန်ဖြင့် အခန်းထဲသို့ အနှံ့လျှောက်ကြည့် လိုက်လေသည်။
“‘မ’တစ်ယောက်ရော မာမီ၊ ‘မ’ တစ်ယောက်ရော”
“ဟုတ်ပါရဲ့၊ ဒီကလေးမ ဘယ်ကိုများ လျှောက်သွားနေပါလိမ့်”
“‘မ’ရေ ... ‘မ’”
မွန်သည် ခေါ်ရင်း အပေါ်ထပ်သို့ ပြေးတက်သွားလေသည်။ မွန်သည် အခန်းထဲသို့ဝင်သောအခါ ခုတင်ထက် တွင် ကျောပေး၍လှဲနေသော ‘မ’ ကို တွေ့ရသည်။
မွန်သည် ‘မ’ ၏ပခုံးစွန်းကို ဆွဲ၍ လှည့်လိုက်ရင်း ခပ်သဲ့သဲ့လေသံဖြင့် နှုတ်ဆက်လိုက်သည်။
“‘မ’ရေ ... ကိုယ်တို့သွားတော့မယ် နော်”
‘မ’ သည် မွန့်ကို ခပ်ထွေထွေစိုက်ကြည့် ရင်းမှ ခေါင်းကို အသာညိတ်လိုက်သည်။
“ကိုယ့်ကို ခွင့်လွှတ်ပါကွာ၊ ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်နေလို့ ဒီမှာလာပြီး လှဲနေရတာပါ”
‘မ’ က ဟန်ဆောင်၍ပြောလိုက်သော် လည်း မွန်သည် ‘မ’ ၏အကဲကို နားလည် လိုက်ပြီးဖြစ်သည်။ ထို့ကြောင့်လည်း မွန်သည် ‘မ’ ၏ပါးနှစ်ဖက်ကို လက်ဖြင့် ဆွဲယူပြီးနောက် သူ့ပါးဖြင့်ပွတ်လိုက်ရင်း နှစ်သိမ့်လိုက်ရှာသည်။
“ကိုယ့်မှာ ချစ်ရမယ့်သူ အသစ်တစ် ယောက်တိုးပေမယ့် မင်းတို့တစ်တွေကို မေတ္တာမလျော့ပါဘူးကွာ”
မွန်၏ နှစ်သိမ့်စကားကို ကြားရသော အခါ ‘မ’ သည် ပို၍ဝမ်းနည်းမိသည်။
သို့သော် သူ့စိတ်ကို အတတ်နိုင်ဆုံး အားတင်း၍ ပြုံးလိုက်လေသည်။
“ကိုယ် မင်းကို ယုံပါတယ်ကွာ။ ချစ်လည်းချစ်တယ်၊ နေရာတကာမှာ လည်း ယုံကြည်အားကိုးတယ်”
မွန်သည် ‘မ’၏ ဆံပင်လေးများကို သပ်ရင်း အစ်မကြီးသဖွယ် ဆုံးမလိုက် လေသည်။
“မင်းကို ကိုယ်တစ်ခုပဲ ပြောမယ်။ မင်းဟာ တစ်ခါတစ်ခါ စိတ်ကူးယဉ်ချင် တယ်။ စိတ်ကူးယဉ်ချင်တဲ့လူတွေဟာ ကိုယ်သွားရမယ့်လမ်းကို ဖြောင့်ဖြောင့် တန်းတန်း မသွားရတတ်ဘူး။ အကွေ့ အကောက်တွေ များတတ်တယ်။ မင်း ဒီစိတ်ကိုတော့ အတတ်နိုင်ဆုံး ချိုးနှိမ်ပါ ကွာ။ ကဲ ... ကိုယ်သွားမယ်။ အောက်မှာ စောင့်နေကြတယ်”
မွန်သည် ‘မ’ ၏ ပါးနှစ်ဖက်စလုံးကို ခပ်ဖွဖွနမ်းလိုက်ပြီးနောက် အခန်းထဲမှ ပြေးထွက်သွားသည်။
‘မ’သည် အခန်းထဲမှ ပြေးထွက်သွား သော မွန်၏ကျောပြင်ဆီကို လိုက်ကြည့် ရင်း အလိုလိုဝမ်းနည်းလာသည်။
မျက်ရည်များသည် ‘မ’ ၏ပါးပြင်ပေါ် သို့ တလိမ့်လိမ့် စီးဆင်းလာကြလေ သည်။
အမှန်တော့ မွန်ဆုံးမသွားသောစကား များသည် ‘မ’ အတွက် သွေးထွက်အောင် မှန်ပေလိမ့်မည်။
သို့သော် ခုအချိန်မျိုး၌ ‘မ’ အတွက် ဤနေ့ ဤအချိန်သည် တစ်သက်လုံး အတူဖက်တွယ်၍ နေလာခဲ့ကြသော အစ်မရင်းတစ်ယောက် ဆုံးရှုံးခြင်းပင် မဟုတ်ပါလော။
ထို့ကြောင့်လည်း ‘မ’ သည် အခန်း တွင်းမှ မထွက်တော့ချေ။ ခေါင်းကိုက် သည်ဟု အကြောင်းပြကာ အိပ်ရာတွင် လှဲ၍နေလိုက်သည်။ အခန်းတွင်း၌ တစ်ယောက်တည်း နေရပြန်တော့လည်း ရင်ထဲတွင် ဟာသလိုလိုရှိနေသည်။ ခါတိုင်းဆိုလျှင် ‘မ’ တို့ ညီအစ်မသုံး ယောက်သည် အိပ်ရာဝင်တိုင်း တစ် ယောက်ကိုတစ်ယောက် နောက်ကြ၊ ပြောင်ကြသည်။ စိတ်ဆိုးလျှင် ပြန်ချော့ ကြသည်။ တစ်ခါတစ်ရံ ဘဝရှေ့ရေး အကြောင်းကို ဆွေးနွေးကြသည်။ ထိုအခါများ၌ မွန်သည် ‘မ’ နှင့် မော်ကို လူကြီးသဖွယ် သူ၏ရည်မှန်းချက်များ ကို ပြောပြတတ်သည်။ မွန်သည် သူ့ဘဝ အတွက် သူဆုံးဖြတ်ရာ၌ အလွန် ပြတ်သားသူဖြစ်သည်။ သူဖြစ်ချင်သည် ကို မဖြစ်မနေ ကြိုးစားတတ်သူဖြစ်သည်။ မွန်သည် ဝိဇ္ဇာပညာကို လိုက်စားသူဖြစ် သည့်အတိုင်း ဘဝကို တည်ဆောက်ရာ၌ ဝိဇ္ဇာနည်းကျကျ တည်ဆောက်ချင်သူ ဖြစ်သည်။ သူ့ဘဝတွင် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသောအလုပ်ကို လုပ်လို သည်။ ထို့ကြောင့် ဆရာဝန်မဖြစ်အောင် ကြိုးစားသဖြင့် ကြိုးစားသည့်အတိုင်း ဆရာဝန်မတစ်ယောက် ဖြစ်ခဲ့သည်။ သည့်နောက်တွင်မူ သူ၏ အိမ်ထောင် ဘက်အဖြစ် ရွေးချယ်ရာ၌ သူ့ဘဝလုံခြုံမှု အတွက်ဖြစ်စေ၊ သူ၏ ကင်းလွတ်ချက် အတွက်ဖြစ်စေ မထိပါးနိုင်သူကို ရွေးချယ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့ဆုံး ဖြတ်ခဲ့သည့်အတိုင်း ဗစ်တာကို ရွေးချယ် ခဲ့သည်။ မည်သို့ပင်ဖြစ်စေ မွန်သည် သူ့ရည်မှန်းချက်ကို အောင်မြင်အောင် စွမ်းဆောင်နိုင်သူဖြစ်သည်။ ဆန္ဒကို သူ၏ကြိုးပမ်းချက်ဖြင့် အများဆုံး ဖြည့်စွမ်းနိုင်သူဖြစ်သည်။ ဗစ်တာသည် လူချမ်းသာ မျက်နှာကြီး၏ တစ်ဦးတည်း သောသားဖြစ်သည်။ ဗစ်တာသည် မွန့်ကို အထက်တန်းကျကျထားနိုင်သူ ဖြစ်သည်။ မွန်လိုချင်သော အဆောင် အယောင်ကိုလည်း ပေးစွမ်းနိုင်သူဖြစ် သည်။
သို့သော် မွန်က သူ့မာနနှင့်သူ နေလို သူဖြစ်သည်။ ဗစ်တာက မွန့်အပေါ် ကြီးမားသောစေတနာဖြင့် ရွှေဘုံတွင် အစံခိုင်းသည့်တိုင်အောင် မွန်က လက်ခံ မည်မဟုတ်။ ဗစ်တာ၏မိဘများက တိုက်တစ်လုံးဝယ်၍ပေးလျှင် မွန်က သူ့ ဒက်ဒီနှင့် မာမီကို သောင်းကျော်ကား တစ်စီး အဝယ်ခိုင်းသူဖြစ်သည်။ ဤသည် ကိုပင် ဗစ်တာက မချင့်မရဲ အလိုလိုက်ခဲ့ရ လေသည်။ အမှန်တော့ ဗစ်တာသည် လူကုံထံ၏သားတစ်ယောက် ခေတ် ပညာတတ်တစ်ယောက်လည်း ဖြစ်သည် ကား မှန်၏။ သို့သော် မွန်၏ လင်သား တစ်ယောက်အဖြစ်နှင့်ကား ထားရာနေ မည့်သူ ဖြစ်သည်။ ဤသည်ပင်လျှင် မွန်သည် ယောက်ျားတစ်ယောက်ကို သူ့သဘောကျပုံစံအတိုင်း ရွေးချယ်နိုင်ခဲ့ ခြင်း ဖြစ်သည်။
မွန့်အကြောင်းကို တွေးလိုက်လျှင် အားငယ်စရာ တစ်ကွက်မျှမတွေ့၊ စိုးရိမ် ပူပန်စရာအကြောင်း တစ်ခုမှရှာမတွေ့။ မွန့်ဘဝသည် အားကျစရာကောင်းသည်။ ယုံကြည်စိတ်ချရသော ဘဝတွင်ပင် အမြဲတမ်း ရပ်တည်နိုင်ခဲ့သည် ဖြစ်သည်။ အမှန်ဆိုလျှင် ‘မ’ သည် မွန့်အတွက် တစ်ဖက်မှ ဝမ်းသာမိလေသည်။ တစ်အူ တုံဆင်း ညီအစ်မအရင်းပင်ဖြစ်သော် လည်း ‘မ’ နှင့် မွန်တို့၏ ဘဝသည် ခြားနားလှသည်။ မွန်က ဘဝတွင် သူလို ချင်သလောက် အတိုင်းအတာကို ခင်းဖြန့်ထားသည်။ ပြီးမှ သူခင်းဖြန့်ထား သလောက် ရအောင်ယူသည်။ ရောက် အောင်သွားသည်။ ‘မ’ ကမူ ဘဝတွင် ရသမျှနှင့် နှစ်သိမ့်ရောင့်ရဲမည်ဟု လောဘသတ်ထားသူဖြစ်သည်။ ဘဝကို မျှော်မှန်းရာ၌ အမြင့်ဆုံးနေရာကို မည်မျှ ရောက်နိုင်မည်ဟု မမျှော်မှန်း၊ မိမိနေနိုင် မည့် အနိမ့်ဆုံးနေရာကိုသာ မှန်းဆကြည့် သည်။ သို့ကြည့်ပြီးမှ ဤအနိမ့်ဆုံးနေရာ၌ ပင် စိတ်အေးချမ်းသာစွာ နေရလျှင် တော်ပြီဟု ရောင့်ရဲထားသူဖြစ်သည်။ ‘မ’ အဖို့၌ကား မွန်၏ဘဝသည် အားကျစရာ ကောင်းသော်လည်း အားမကျမိပေ။ မွန့် အနေနှင့် သူဖြစ်လိုသည့်အတိုင်း ဖြစ်ခဲ့ရ သည်ကိုသာ ဝမ်းသာမိသည်။
ဆက်လက်ဖော်ပြပါမည်။