အရိုင်းစံပယ်

အောင်လင်း


၂၈-၉-၂၀၂၂ ရက်နေ့မှအဆက်


တစ်ဖက်မှတွေးလျှင် အတူတူနေလာ ခဲ့ရသော   ညီအစ်မတစ်ယောက်နှင့် ခွဲခွာရသဖြင့်   ဝမ်းနည်းအားငယ်မိရှာ သည်။
‘မ’ သည် အိပ်ရာထက်တွင် လှဲနေ သော်လည်း အိပ်၍မပျော်။ စိတ်ကူးမီးခိုး လွင့်ပါးရာနောက်သို့သာ တဝေ့ဝေ့ပါ၍ နေမိသည်။
မှေးခနဲပျော်မည်ပြုမှ အပြေးအလွှား ဝင်၍လာသော မော့်အသံကြောင့် လန့်နိုး လေသည်။ မော်ပြန်လာသောအချိန်မှာ ဆယ်နာရီပင် ထိုးတော့မည်။ မော်သည် သီချင်းတအေးအေးဖြင့် ပျော်နေဟန်ရှိ သည်။ မော့်ကိုကြည့်ရသည်မှာ လေထဲ တွင်လွင့်ပါးနေသော ကြက်မွေးကလေး ကဲ့သို့ ပေါ့ပါးလွန်းလှသည်။ မော်သည် ‘မ’နှင့်စာလျှင် ငယ်ရွယ်သူဟု ဆိုရသော် လည်း ‘မ’ သည် မော့်အရွယ်မရောက်မီ ကပင် နေရာတကာ အတွေးနက်သူဖြစ် သည်။  အသွားအလာ  အနေအထိုင်ကစ ဆင်ခြင်တတ်သူဖြစ်သည်။ ထို့ကြောင့် ‘မ’ ကို  သူ့မာမီက  ကလေးလူကြီးဟု ပြောတတ်သည်။    မော်ကမူ    ဘာမျှ ဆင်ခြင်စဉ်းစားနေသူမဟုတ်။  ပြောချင် ရာပြော၍   လုပ်ချင်ရာလုပ်တတ်သူ ကလေးဖြစ်သည်။
မော်သည်   ‘မ’ ၏ ခြင်ထောင်စကို အသာမ၍ကြည့်လိုက်ရင်း     ကလေး ဆန်ဆန် ပြုံးလိုက်သည်။
‘‘‘မ’တစ်ယောက်လည်း စိတ်ကူးယဉ် နေသလား။    မွန်တို့ကို    အားကျနေ သလား”
မော်က နောက်လိုက်သည့်တိုင်အောင် ‘မ’ကမူ   မော့်ကို  အကဲခတ်သလို စိုက်ကြည့်နေလိုက်သည်။
‘‘လည်လှချည်လား မော်၊ မင်းပြန်လာ တာ  အချိန်လွန်နေပြီ။  မိန်းကလေးဆို တာ  လူကြီးမိဘမပါဘဲ  ဒီအချိန်အထိ လည်ဖို့မကောင်းဘူး”
မော်သည်   နှုတ်ခမ်းကလေးစူလိုက် သည်။ ‘မ’ ၏ရင်ခွင်တွင် ခေါင်းကလေး ကို ဝှေ့လိုက်ပြီး ကလေးငယ်ကဲ့သို့ နွဲ့ဆိုး ဆိုးလိုက်သည်။
“‘မ’ ကကွယ် ... မော့်ကို ကလေး ကျနေတာပဲ၊  မော်  ခုပြန်လာတာက အစောကြီးပြန်လာတာ။ ဂရေစီတို့ဆိုရင် ဆိုကြ၊ ကကြတုန်းပဲ။ ဒီလိုနေ့မှမပျော် ရရင်  ဘယ်နေ့သွားပြီး  ပျော်ရမလဲ။ မော်တို့လေ ဗစ်တာပေးတဲ့ ငွေတစ်ရာနဲ့ ဘလှသန်းထွန်းတို့အိမ်မှာ        စားကြ သောက်ကြတယ်။  သိပ်ပျော်တာပဲ ‘မ’ ရဲ့။ မော်တောင် ဝိုင်နှစ်ခွက် သောက်ခဲ့ သေးတယ်”
‘မ’ သည် မော်၏စကားများကို နားထောင်ရင်း အလိုလိုစိုးရိမ်မိသည်။ မော်က ခပ်ပေါ့ပေါ့ပြောလိုက်သော်လည်း ‘မ’ ရင်ထဲတွင်ကား မော့်အတွက် အပူလုံး တစ်ခုကို မျိုလိုက်ရသလို ရှိတော့သည်။
“မော် ... မင်း ဘာတွေပြောနေတာလဲ။ မင်းတော့ ဒုက္ခဖြစ်တော့မယ်။ နောက်ကို မင်း    ဒီအသိုင်းအဝိုင်းထဲကို   မဝင်ပါနဲ့ ကလေးရယ်။  မင်း  ငယ်ပါသေးတယ်။ မွန်တောင် ဒီအသိုင်းအဝိုင်းထဲမှာ မကျင် လည်ခဲ့ပါဘူးကွယ်”
မော်သည်  ‘မ’ အနားမှ ဆောင့်အောင့် ၍ ထွက်သွားပြီးလျှင်  သူ့ခုတင်ပေါ်သို့ တအားပစ်၍ လှဲချလိုက်သည်။
“‘မ’ က မော့်ကိုများ အမြဲဆူချင်တယ်။ မော်တစ်ယောက်တည်းမှ   မဟုတ်ဘဲ။ သူများတွေလည်း  မော်တို့လို သွားကြ တာပဲ။ ဂရေစီတို့များ အပြင်ဟိုတယ်တွေ တောင် လိုက်ပြီး ကသေးတယ်။ မော်က တခြားကိုသွားတာ    မဟုတ်ပါဘူး။ သူငယ်ချင်းတွေအိမ် သွားတာပဲဟာ။ ‘မ’ က အလကားဆူနေတာ။ ပြီးတော့လည်း ကနေ့ညလိုအချိန်မျိုးမှာ   မွန့်အတွက် ပျော်မယ်မဟုတ်လား”
မော်သည်   စူစူအောင့်အောင့်အသံ ကလေးဖြင့် ‘မ’ ကို မကျေမနပ် ပြော လိုက်ရှာသည်။
“မော့်ကို ဆူတာမဟုတ်ပါဘူးကွယ်။ ‘မ’ က မော်ကောင်းစေချင်လို့ စေတနာနဲ့ ပြောမိတာပါ။ တို့မှာ ညီအစ်မသုံးယောက် ရှိတဲ့အထဲက တစ်ယောက်က ခွဲထွက် သွားပြီ။ ခါတိုင်းဆိုရင်  တို့ကို  နီးနီး ကပ်ကပ်ဆုံးမတဲ့  မွန်ရှိတယ်။ အဖေ အမေဆိုတာက ခုလို အသေးစိတ်သိတာ မဟုတ်ဘူး။ နေရာတကာလည်း လူကြီး တွေကို ပြောသင့်တာမဟုတ်ဘူး။ ဒီတော့  ဘာပဲဖြစ်ဖြစ်   တို့ညီအစ်မတွေဟာ ကောင်းတိုင်ပင် ဆိုးတိုင်ပင်  နေကြရမယ် မဟုတ်လား။ ဒါတွေကို မင်း နားလည် သင့်ပါပြီ မော်ရာ။ မင်း ကလေးမဟုတ် တော့ပါဘူး”
“မော် သိပါတယ် ‘မ’ ရာ၊ နောက်ကို မော် ဘာပဲဖြစ်ဖြစ် ‘မ’ ကို ပြောမယ်။ ‘မ’ မကြိုက်တာကို မလုပ်ဘူး။ ကဲ... ကျေနပ် တော့။ ဂွတ်နိုက် ‘မ’ ရေ”
မော်သည်  သူ့ခေါင်းရင်းမှ  မီးကို မှိတ်လိုက်သည်။ ပြီးမှ မီးပြာကလေး သည် ‘မ’ တို့အိပ်ခန်းတွင်းဝယ် ခပ်မှိန်မှိန် လင်း၍လာသည်။
‘မ’ သည် ခြေရင်းမှစောင်ကို ဆွဲ၍ ခြုံလိုက်ရင်း တစ်ဖက်သို့ လူးလွန့်လိုက် သည်။
ခဏကြာလျှင်  မော်သည်  အင်္ဂလိပ် သီချင်းတစ်ပုဒ်ကို   ခပ်တိုးတိုး   ညည်း လိုက်သည်။
‘မ’ သည် မော့်အဖြစ်ကို နားမလည်နိုင် အောင်ရှိတော့သည်။   မော်သည်  ကနေ့ ည  မူကွဲ၍နေသည်မှာ  သိသာလှလေ သည်။
“‘မ’ ရေ ...”
မော်က    သီချင်းကိုညည်းနေရာမှ လှမ်း၍ခေါ်လိုက်ပြန်သည်။ 
“ဘာလဲ မော် ...” 
‘မ’ က ခပ်တိုးတိုးပြန်၍ထူးလိုက်သည်။ မော်သည် အခြောက်တိုက် တစ်ယောက် တည်း ရယ်နေပြန်သည်။
မွန်တို့တော့ ခုအချိန်ထိ အိပ်ကြမှာ မဟုတ်ဘူးနော်”
မော်က တခစ်ခစ်ရယ်သံကလေးဖြင့် ပြောလိုက်သည်။ ‘မ’ မှာ မော်ပြောလိုက် သောစကားကြောင့် နားရှက်မိသည်။
“အသာအိပ်စမ်း မော်။ ဒါ မင်းတွေး စရာမလိုဘူး”
“တွေးတာမဟုတ်ဘူး ‘မ’ ရ၊ မွန့်ကိုယ် စားစိတ်ကူးကြည့်တာ။   ‘မ’  သာ မွန့် နေရာရောက်နေရင်   ဘယ်လိုနေမလဲ ဟင်။ မော်တော့ တွေးကြည့်တိုင်း အသည်း ယားနေတယ်”
“မော် ...  အိပ်တော့ကွယ်။  မပြော ကောင်းတာတွေ ဘာလို့လျှောက်ပြော နေလဲ”
“ဘာလို့မပြောကောင်းရမှာလဲ ‘မ’ ရဲ့။ မပြောကောင်းဘူးဆိုရင် သူတို့ ဘာလို့ ကနေ့မင်္ဂလာဆောင်လဲ။ ‘မ’ ရော မွန်တို့ ကို အားမကျဘူးလားဟင်”
“မော် ... အိပ်စမ်းကွယ်။  ‘မ’ တောင်းပန်ပါတယ် ညီမရယ်။ အိပ်ပါ တော့ ညဉ့်နက်လှပြီ’’
“မော်တော့ အိပ်လို့ကိုမရဘူး။ မွန့်ကို ပဲမျက်စိထဲမြင်နေတယ်။   ဒါပေမဲ့  မွန် ကတော့ မော်တို့ကို အမှတ်ရမှာမဟုတ် ပါဘူးနော်။  ဟိုသီချင်းထဲကလိုပဲ  ဒီလို ညမျိုးဟာ ကမ္ဘာကြီးတစ်ခုလုံးကို မေ့တဲ့ ညပဲတဲ့။ ခြင်ကိုက်တာလည်း မသိဘူးတဲ့။ ကြမ်းပိုးကိုက်တာလည်း မသိဘူးတဲ့။ ဒါပေမဲ့ ချစ်သူရဲ့ အသက်ရှူထုတ်လိုက် တဲ့လေကလေးက သူ့ပါးပြင်မှာ ဝေ့နေ တာတော့ တစ်သက်လုံး မမေ့ပါဘူးတဲ့။ မွန်လည်း အဲဒီသီချင်းထဲကလို ဖြစ်နေ မှာပဲနော် ”
‘မ’ သည် မော့်ကို စကားပြန်၍ မပြော တော့ချေ။ ပြန်ပြောနေလျှင်လည်း ယနေ့ ည အိပ်ရတော့မည် မဟုတ်တော့ချေ။
မော်သည် ယနေ့ည ထူးထူးခြားခြား စိတ်လှုပ်ရှားနေသည်ကိုကား ‘မ’ က အကဲခတ်လိုက်မိသည်။ အဘယ်အရာ တွေသည် မော့်စိတ်ကို ယခုလို လှုပ်ရှား စေသည်ကိုကား ‘မ’ ကိုယ်တိုင် စဉ်းစား ၍ မရသေးချေ။
အမှန်ဆိုတော့လည်း    မော်သည် အပျံသင်စငှက်ငယ်လို လေတွင် လွင့်ပါး ချင်သူကလေးပင် မဟုတ်လော။

[ ၈ ]
ခုတလော ကိုဘခက်သည် တစ်ယောက် တည်း ပျင်းသလို ဟာသလို ရှိနေတော့ သည်။ ‘မ’ နှင့် မော်တို့သည် စာမေးပွဲနီး လာသဖြင့် ဂီတသင်တန်းကို ခဏဖြတ်၍ ထားရသည်။ ကိုဘခက်သည် ‘မ’ နှင့် မော်တို့ကို ထမင်းဝိုင်း ကော်ဖီဝိုင်း၌သာ ခဏလောက် ဆုံကြရသည်။ ‘မ’ သည် စာကြည့်ခန်းမှပင်  ထွက်သည်ဟူ၍မရှိ။ ညနေပိုင်းလောက်သာ   ပန်းခြံတွင်းသို့ လမ်းလျှောက်ထွက်သည်။    ကိုဘခက် သည် ဦးကျော်ဒင်နှင့်သာ စကားဝိုင်းဖွဲ့ သည့်အခါဖွဲ့၊   စစ်တုရင်ထိုးသည့်အခါ ထိုးဖြင့် အချိန်ကို ကုန်လွန်စေခဲ့သည်။ ဦးကျော်ဒင်မရှိသည့်အခါ၌မူ စန္ဒရားတီး သည့်အခါတီး သို့မဟုတ် အခန်းတွင်း၌ စာဖတ်နေတတ်သည်။
ခုလည်း ကိုဘခက်သည် အခန်းတွင်း၌ စာဖတ်၍နေရာမှ ဦးကျော်ဒင်၏ခေါ်သံ ကြောင့် အပြင်သို့ထွက်ခဲ့သည်။
ဦးကျော်ဒင်သည်     ဧည့်ခန်းတွင် ဧည့်သည်နှစ်ယောက်နှင့်အတူ    ထိုင် လျက်ရှိသည်။
ဧည့်ခန်းအတွင်းသို့    ကိုဘခက် ဝင်သွားလျှင်ပင်    ဦးကျော်ဒင်က ကိုဘခက်အား ထိုဧည့်သည်နှစ်ယောက် နှင့် မိတ်ဆက်၍ပေးလိုက်သည်။
“ကဲ ... သူပဲဗျာ  ကိုဘခက်ဆိုတာ။ မောင်ဘခက်ရေ ... ဟောဒါက ဦးသောင်း ရွှေဆိုတာ ရန်ကြီးအောင်ရုပ်ရှင်ကုမ္ပဏီ ကသူဌေးပေါ့။  ဆရာကတော့ ဒါရိုက်တာ ကိုမြင့်လွင်ဆိုတာပဲ။   အဲဒါ  ကျုပ်ကို ပွဲခပေးရမယ်။    သူတို့ရိုက်နေတဲ့ ‘ချစ်ဂရုဏာ’ ...   ဆိုတဲ့ကားအတွက် မောင်ဘခက်ဆီမှာ သီချင်းအပ်မလို့။ ကဲ ... ပြောကြဗျာ”
ကိုဘခက်သည်    မမျှော်လင့်သော စကားကိုကြားလိုက်ရသဖြင့် ရုတ်တရက် အံ့သြမိလေသည်။
ဦးသောင်းရွှေနှင့်    ကိုမြင့်လွင်ကမူ ကိုဘခက်ကို   အကဲခတ်သလိုကြည့်ရင်း ပြုံး၍နှုတ်ဆက်လိုက်သည်။
“ဒီလိုပါခင်ဗျာ၊  ခု  ကျွန်တော်ရိုက်နေ တဲ့ ‘ချစ်ဂရုဏာ’ ဆိုတဲ့ကားက မြူစီ ကယ်ပစ်ချားဖြစ်နေတော့ သီချင်းများများ ထည့်ချင်တယ်။ သီချင်းဆယ့်ခြောက်ပုဒ် လောက်   အနည်းဆုံးပါမယ်။  ကုလား ကားတွေကိုကြည့်မယ်ဆိုရင် တော်တော် တန်တန်      မကောင်းတဲ့ကားတောင် သီချင်းတွေနဲ့ဖုံးသွားတာပဲ။
“အဲဒီတော့ ခု ကျွန်တော်ရိုက်မယ့်ကား မှာလည်း  ပရိသတ်ပျင်းမယ့်အချိန်တိုင်း သီချင်းကလေး   ဝင်ညှပ်နိုင်အောင် စီစဉ် ထားပါတယ်။  အဲဒီတော့  ဆရာ့ဆီက လည်း  သီချင်းနှစ်ပုဒ်လောက်   စပ်ဖို့ စိတ်ကူးပါတယ်။ ဆရာ့လက်ကို မကြား ဖူးသေးပေမယ့်    ဦးကျော်ဒင်လိုပုဂ္ဂိုလ် မျိုးက တော်တယ်ဆိုရင် ကျွန်တော်တို့က ယုံကြည်ပြီးသားပါ”
ဦးကျော်ဒင်ကမူ         ဝမ်းသာအားရ ဖြင့်     ပြုံး၍နေသည်။     ကိုဘခက်သည် ဦးကျော်ဒင်၏စေတနာကို ကျေးဇူးမတင် ဘဲမနေနိုင်အောင်ရှိတော့သည်။
အမှန်တော့လည်း ဦးကျော်ဒင်သည် ကိုဘခက်အတွက် အဘက်ဘက်မှ ကူညီ အားပေးခဲ့သူဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။