အောင်လင်း
၁၀-၁၀-၂၀၂၂ ရက်နေ့မှအဆက်
သူ၏စိတ်၌ကား ကိုဘခက်ကိုပင် တွေးမရအောင် ရှိတော့သည်။ ကိုဘခက် ၏ မိဘမျိုးရိုး ပညာအရည်အချင်း စသည်တို့ကိုတွေးရင်း ခေါင်းရှုပ်လာ သည်။
သို့တွေးနေရင်းမှ နောက်ဆုံးစာအုပ် တစ်အုပ်ကို အမှတ်မထင် လှန်လိုက်မိ သည်။ ‘မ’ ၏လက်များသည် တဆတ် ဆတ်တုန်၍လာသည်။ မျက်လုံးများ လည်း ပြာ၍သွားသည်။
‘မ’ သည် ကိုဘခက်၏ နေ့စဉ်မှတ် တမ်းကို အမှတ်မထင် လှန်လိုက်မိခြင်း ဖြစ်သည်။
“ကိုယ့်ဘဝကို မြှုပ်နှံထားခြင်းဖြင့် ‘မ’ ၏အချစ်ကို သန့်ရှင်းစွာ အရယူမည်။ ကိုယ့်အတွက် လမ်းနှစ်လမ်းသာ ရွေးရန် ရှိတော့သည်။ သည်တစ်ချက်အတွက် မှားလျှင် နောက်တစ်ကြိမ် ကိုယ်လွင့်ရ ပေဦးမည်။ ‘မ’ ကို ကိုယ်ချစ်သည်။ ‘မ’ နှင့် ဝေးရာပြေးရမည်ကို ကိုယ်ကြောက် တာ အမှန်ပင်ဖြစ်သည်။ ကိုယ့်တစ်သက် တွင် ‘မ’ ကို မုန်း၍လည်းမရ၊ မေ့၍ လည်းမရ။ ‘မ’... အတွက် ကိုယ့်မှာ အစဉ် မောရပေတော့မည်”
ကိုဘခက်၏ ညီညာလှသော လက်ရေး စာလုံးကလေးများသည် တဖြည်းဖြည်း မှုန်ဝါး၍သွားသည်။ တိတ်ဆိတ်လှသော အခန်းငယ်အတွင်း၌ ‘မ’ သည် သူ့ရင်ခုန် သံကိုပင် သူ ပြန်ကြားနေရသည်။
ထိုအတွင်းမှာပင် နောက်ဆီမှ ခြေသံ ကို ကြားရသဖြင့် ‘မ’ သည် အလန့် တကြား လှည့်၍ကြည့်လိုက်မိသည်။ ‘မ’ လက်ထဲမှ စာအုပ်ကလေးသည် အောက် သို့ လွတ်ကျသွားလေသည်။
အပေါက်ဝ၌ကား ကိုဘခက်သည် မလှုပ်မယှက် ရပ်လျက်ရှိနေတော့သည်။ ‘မ’ သည် ကိုဘခက်ကို ကြာကြာမကြည့်ရဲ တော့ချေ။
ခေါင်းကိုငုံ့ရင်း စာအုပ်ကို ပြန်ကောက် လိုက်သည်။ ဤတွင် ကိုဘခက်နှင့် ‘မ’ ၏ လက်များသည် စာအုပ်ပေါ်တွင် ထိတွေ့၍သွားသည်။ ကိုဘခက်သည် ‘မ’ ၏ လက်နှစ်ဖက်ကို အပေါ်မှမိုး၍ ဆုပ်ကိုင်ထားလိုက်သည်။
‘မ’ သည် ရှက်စိတ်ကြောက်စိတ်ဖြင့် တဆတ်ဆတ် တုန်၍နေတော့သည်။ ကိုဘခက်သည် ‘မ’ လက်ထဲမှ စာအုပ်ကို ယူလိုက်ပြီးလျှင် ‘မ’ ၏ လက်နှစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး နေရာမှ အသာ အယာထလိုက်သည်။ ‘မ’ မှာ အလိုက် သင့်ပါ၍လာသည်။ ရုတ်တရက် သူ့လက်ကို တွန်းရန်လည်း သတိမရ၊ ကြောက်စိတ်ဖြင့်သာ မွှန်ထူ၍နေသည်။
ကိုဘခက်သည် ‘မ’ ၏လက်နှစ်ဖက်ကို အသာကိုင်၍ ကုလားထိုင်တွင် ထိုင်လိုက် စေသည်။ ‘မ’ ကမူ ကိုဘခက်၏အမိန့်ကို မလွန်ဆန်နိုင်တော့သကဲ့သို့ ကိုဘခက် ခိုင်းသည့်အတိုင်းပင် ကုလားထိုင်တွင် ထိုင်လိုက်ရှာသည်။
“‘မ’ ဆရာ့စာအုပ်ကို သိမ်းပေးတာပါ ဆရာ။ ဆရာ့စာအုပ်တွေကို မဖတ်ပါဘူး”
‘မ’ က အပြစ်ရှိသော ကလေးငယ်ကဲ့သို့ စိုးရိမ်တကြီး တောင်းပန်နေသည်ကိုပင် ကိုဘခက်မှာ ပို၍သနားရမလို ရှိတော့ သည်။
“‘မ’ကို ကျွန်တော် ဘာမှလည်းမပြော ရပါလား”
“မဟုတ်ဘူးလေ၊ ဆရာ အထင်လွဲမှာ စိုးလို့ ပြောရတာ။ ဆရာ့အခန်း ရှုပ်ပွ နေလို့ ‘မ’ လာပြီးရှင်းပေးတာပါဆရာ”
“ကျွန်တော် ‘မ’ ကို ဘယ်တော့မှအထင် မလွဲပါဘူး။ ခုလိုလုပ်ပေးတဲ့အတွက် ‘မ’ ကိုတောင် ကျေးဇူးတင်တယ်။ အားလည်း နာမိတယ်”
‘မ’ သည် ဘာကိုပြန်ပြောရမှန်း မသိ တော့ချေ။ ကိုဘခက်ကို ကြည့်လိုက်ပြန် တော့လည်း ကိုဘခက်မျက်နှာမှာ ထူးထူးခြားခြား ရွှင်လန်းနေသည်။
‘မ’သည် ကိုဘခက်ကို တစ်ချက်မျှ ကြည့်လိုက်ပြီးလျှင် ခေါင်းကို ငုံ့ထား လိုက်သည်။ ကိုဘခက်ကမူ အိတ်ထဲမှ နံကာဘူးကလေးကိုထုတ်၍ ဖွင့်လိုက် သည်။
‘မ’ ကို ကျွန်တော် လက်ဆောင်တစ်ခု ပေးပါရစေ။ ငြင်းပယ်မယ်ဆိုရင်တော့ ကျွန်တော် စိတ်ကောင်းမှာမဟုတ်တော့ ဘူး။ ကျွန်တော့်စေတနာကို ယုံကြည်ပြီး လက်ခံစေချင်တယ်”
ကိုဘခက်သည် ပြောပြောဆိုဆို နံကာ ဘူးထဲမှ ပတ်ကားဖောင်တိန်ကလေးကို ထုတ်၍ ‘မ’ လက်သို့ ကမ်းလိုက်သည်။ ‘မ’ သည် ကိုဘခက်ပေးသော ရွှေဖောင်တိန် ကလေးကို ရုတ်တရက် မယူမိသေးဘဲ ကြောင်၍ကြည့်နေမိသည်။
ကိုဘခက်သည် ‘မ’ လက်တွင်းသို့ အတင်းထည့်ပေးလိုက်မှ အသာယူ၍ ထားလိုက်သည်။
“ကနေ့ ကျွန်တော့်ပညာနဲ့ ပထမ ဦးဆုံး ငွေရတဲ့နေ့ပဲ။ ကုမ္ပဏီမှာ ကျွန်တော် သီချင်းနှစ်ပုဒ်သွင်းရတယ်။ တီးခရော၊ ရေးခရော၊ နှစ်ရာ့ငါးဆယ်ရတယ်။ အစကတည်းက ကျွန်တော် ငွေထုတ်ရင် ‘မ’ ကို လက်ဆောင်တစ်ခုခုပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ဘာဝယ် ရမှန်းစဉ်းစားလို့မရဘူး။ အလှအပ ပစ္စည်း တွေလည်း ဝါသနာမပါဘူး။ ကျွန်တော်ပေးချင်တာက စာအုပ်ရယ်၊ နာရီရယ်၊ ဖောင်တိန်ရယ်၊ တူရိယာ ပစ္စည်းတစ်ခုခုရယ် ... ဒါပဲ ဝယ်ချင်တယ်။ စာအုပ်ဆိုပြန်တော့လည်း ဘာစာအုပ်မျိုး ကို ‘မ’ ကြိုက်မှန်းမသိဘူး။ တူရိယာ ပစ္စည်းဆိုတာလည်း ‘မ’ တို့အိမ်မှာ အပြည့်အစုံရှိပြီးသား။ နာရီကျပြန်တော့ လည်း အဖိုးတန်ဝယ်မှ ကောင်းမယ်။ တန်ဖိုးကြီးလည်း ဝယ်ဖို့ငွေက မလုံ လောက်ဘူး။ ကျွန်တော့်အတွက် စာအုပ် ကလေး ဘာလေးကလည်း ဝယ်ချင်သေး တယ်။ ‘မ’ ကျေနပ်တယ်မဟုတ်လား ဟင်”
‘မ’ သည် ကြောင်နေရာမှ ကိုဘခက်၏ အမေးကို ရုတ်တရက် ပြန်၍ဖြေလိုက်ရ သည်။
“ဟုတ် ... ဟုတ်ကဲ့၊ ‘မ’ ကြိုက်ပါတယ်။ ဒါပေမဲ့ ဆရာရယ် ... အားနာစရာကြီး။ ဘာလို့ဝယ်လာရတာလဲ။ ပိုင်းလော့ လောက်ဆိုရင် တော်ရောပေါ့”
“ကျွန်တော့်ဝါဒကတစ်မျိုး၊ အသုံးဝင် တဲ့ပစ္စည်းဆိုရင် အကောင်းစားမှ ကြိုက် တယ်။ အဖိုးတန်မှ မက်မောတယ်။ ကျွန်တော် ပြိုင်ပွဲမှာ ရိုက်ချိုးခဲ့တဲ့ တယော ဆိုရင် ချက်ကိုစလိုဗေးကီးယားလုပ် အကောင်းစား တယောလေးပေါ့။ သုံးနှစ် ငွေစုပြီး ဝယ်ထားတာ။ ပြိုင်ပွဲကျတော့ စိတ်ကို မချုပ်တည်းနိုင်ခဲ့တာနဲ့ ရိုက်ခွဲ ပစ်ခဲ့တာ။ ခုမှ နှမြောနေတယ်။ အဖိုးတန် ပစ္စည်းဆိုတာ သူ့ကို မြတ်နိုးမက်မော သလောက် ဆုံးရှုံးသွားရင် နှမြောဖို့ အလွန်ကောင်းတယ်။ နောက်ဆုံးတော့ ကိုယ်နဲ့မထိုက်တန်လို့ပဲလို့ အောက်မေ့ရ တာပဲ”
ကိုဘခက်သည် သူ့အဓိပ္ပာယ်နှင့်သူ ပြောလိုက်သော်လည်း ‘မ’ ကမူ ရုတ်တရက်အားဖြင့် သတိမမူလိုက်ပေ။
ကိုဘခက်ပေးသော ဖောင်တိန် ကလေးကို ကိုင်တွယ်၍ ကြည့်နေမိ သည်။
ထို့ကြောင့်လည်း စကားပြောင်းလိုက် သည်။
“‘မ’ ကျွန်တော့်ကို အံ့သြနေပုံရတယ်။ စားပွဲပေါ်က ဒီစာအုပ်တွေကိုကြည့်ပြီး ကျွန်တော့်ကို အထင်ကြီးနေသလား။ ဒီစာအုပ်တွေကို ကျွန်တော် မဖတ်တတ် ပါဘူး။ ကျွန်တော့် သူငယ်ချင်းမိတ်ဆွေ တစ်ယောက်ကပေးလို့ ယူခဲ့တာပါ။ ကမ္ဘာ့ဂီတကျမ်းတွေနဲ့ ကမ္ဘာ့ဂီတဆရာ ကြီးတွေအကြောင်းလို့ ပြောတာပဲ။ အဲဒါ ‘မ’ ကို အဖတ်ခိုင်းပြီး ပြန်ပြောမယ်ဆိုရင် တော့ သိပ်ကျေးဇူးတင်မှာပဲ”
ကိုဘခက်ပြောသော စကားများမှာ ယုံရအခက် မယုံရအခက် ဖြစ်နေသည်။
ကိုဘခက် မည်သို့ပင် ဖုံးကွယ်စေကာမူ သူ့စာအုပ်အတွင်း၌ အရေးကြီးသော စာပိုဒ်များတွင် တားထားသော မင်နီ ကြောင်းများက ကိုဘခက်၏ အရည် အချင်းကို ဖော်ပြထားပြီးသား ဖြစ်နေ တော့သည်။
ထို့ကြောင့်လည်း ‘မ’ သည် ကိုဘခက် ၏စကားကို နားထောင်ရင်း မသိမသာ ပြုံးလိုက်သည်။
“ဒါဖြင့် ဆရာ့စာအုပ်တွေက သူဖတ် ပြီးသားကို လက်ဆောင်ပေးတာလား၊ အသစ်ဝယ်ပေးတာလား”
‘မ’ က မသိမသာ လှည့်၍မေးလိုက် သောအခါ ကိုဘခက်မှာ ဖုံးခဲ့သမျှ ဘွင်းဘွင်းကြီး ပေါ်သွားတော့သည်။
အသစ်စက်စက်တွေပေါ့။ အမေရိကား က မှာပြီးပေးတာ”
‘မ’ သည် အသံထွက်အောင် မရယ် မိရန် မနည်းချုပ်တည်း၍ ထားလိုက် တော့သည်။ ကိုဘခက်သည် ‘မ’ ကိုကြည့်ရင်း မလုံမလဲ ဖြစ်နေတော့ သည်။
သည်တော့မှလည်း ‘မ’က ဣန္ဒြေ ပြန်၍ဆည်လိုက်တော့သည်။
“ဆရာက သိပ်ပြီးလျှို့ဝှက်တာပဲ။ ကြောင်လက်သည်းဝှက်ဆိုတာ ဆရာ့လို ပုဂ္ဂိုလ်မျိုးပဲနေမှာပေါ့နော်။ ‘မ’တို့ ကတော့ လူချင်းဆက်ဆံတဲ့နေရာမှာ ဖုံးကွယ်ပြီး ဆက်ဆံတာကိုမကြိုက်ဘူး။ ပွင့်ပွင့်လင်း လင်းဆက်ဆံမှကြိုက်တယ်။ ဖုံးကွယ်ပြီး ဆက်ဆံတာဟာ မရင်းနှီးတဲ့သဘောကို ပြတာပဲ။ ဆရာက ‘မ’ ကို ဖုံးကွယ်ပြီး ဆက်ဆံနေပေမယ့် ဆရာ့အကြောင်းကို ‘မ’ သိပါတယ်ဆရာ”
ကိုဘခက်သည် အတတ်နိုင်ဆုံး ကြိုးစား၍ ဟန်ဆောင်နေရသော်လည်း မသိမသာ မျက်နှာပျက်နေသည်။
‘မ’ကမူ ကိုဘခက်၏အဖြစ်ကိုကြည့် ရင်း ကျေနပ်နေမိလေသည်။
“နေပါဦး ... ကျွန်တော် ဘာများဖုံး ကွယ်လို့လဲ။ ‘မ’ ကို ကျွန်တော် မဖုံး ကွယ်ပါဘူး”
“အမယ် ... ဆရာက ညာမပြောပါနဲ့။ ဆရာ့စာအုပ်တွေကြည့်ရင် သိတာပဲ။ ဆရာပြောသလို ဆရာ့စာအုပ်တွေက အသစ်စက်စက်ကြီးတွေဆိုရင် ဘာလို့ မင်နီတွေ တားထားတာလဲ။ ဒါ ဆရာဖတ် ပြီးသားမှန်း ‘မ’ သိပါတယ်”
‘မ’ က ပြောပြောဆိုဆို စာအုပ်တစ် အုပ်ကို ဆွဲ၍လှန်ပြလိုက်သည်။
ကိုဘခက်သည် ‘မ’ လက်ထဲမှ စာအုပ် ကိုကြည့်ရင်း ငိုင်နေသည်။ ဆက်၍လည်း မငြင်းနိုင်တော့ချေ။
ဤသည်ကိုပင် ‘မ’ က အနိုင်ရသည့် အလား ပို၍ ကျေနပ်နေပြန်တော့သည်။
ကိုဘခက်သည် အပြစ်ရှိသူတစ် ယောက်ကဲ့သို့ မျက်စိမျက်နှာမလှ ဖြစ်နေ လေသည်။
“ကျွန်တော် ဒီတစ်ခုတော့ဖြင့် ‘မ’ ကို ဖုံးကွယ်မိပါတယ်။ ဖုံးကွယ်တယ်ဆိုတာ လည်း ကျွန်တော့်မှာ အကြောင်းရှိတယ်။ ဒီအကြောင်းကို ဖွင့်ပြောရရင် ‘မ’ အပေါ် မှာ ကျွန်တော် နောက်ထပ်အပြစ်တစ်ခု ကျူးလွန်သလို ဖြစ်တော့မှာမို့ ကျွန်တော့် စိတ်ကို ကျွန်တော် အများကြီးချုပ်တည်း ထားပါတယ်” ဆက်လက်ဖော်ပြပါမည်။