အောင်လင်း
၁၂-၁၀-၂၀၂၂ ရက်မှအဆက်
ခုတစ်ကြိမ်တွင် ‘မ’ သည် မလှုပ်နိုင် အောင် ရှိတော့သည်။ ကိုဘခက်၏ စကားသည် အဆုံးသတ်၍ သူ့ဆီသို့ပင် ဦးလှည့်တော့မည်ကို ကြိုတင်သိထား နှင့်သည်။
ကိုဘခက်သည် ‘မ’ ကို စိုက်ကြည့် နေရင်းက သူ့စကားကို ဆက်၍ပြောလိုက် သည်။
“ကျွန်တော့်မှာ ရည်ရွယ်ချက်တစ်ခုရှိ တယ်။ ကျွန်တော်ရွေးချယ်မယ့် မိန်းကလေး ဟာ ကျွန်တော့်ကို အညတရဂီတသမား တစ်ယောက်အဖြစ်နဲ့ပဲ နားလည်စေချင် တယ်။ ဒါထက်ပိုပြီး အထင်မကြီးစေချင် ဘူး။ ကျွန်တော့်ရဲ့မေတ္တာကို လက်ခံရာ မှာလည်း သာမန်အညတရဂီတဆရာ တစ်ဦးအနေနဲ့ပဲ လက်ခံစေချင်တယ်။ ဒါကြောင့် ကျွန်တော် ‘မ’ နဲ့ဆက်ဆံရာမှာ ကျွန်တော့်ရဲ့ ဂီတပညာကလွဲလို့ ကျန်တဲ့ ကိစ္စတွေကို ဖုံးကွယ်ထားတယ်။ အမှန် တော့ ကျွန်တော်ဟာ ‘မ’ ရဲ့ မေတ္တာကို အသန့်ရှင်းဆုံးနည်းနဲ့ပဲ ခံယူချင်တယ်။ ဂီတသမားတစ်ယောက်အဖြစ်ကလွဲလို့ တခြားပကာသနတွေနဲ့ ရောယှက်ပြီး ကျွန်တော့်အပေါ် အထင်မကြီးစေချင် ဘူး။ ဒါ ကျွန်တော့်စေတနာပဲ”
ကိုဘခက်က သူ၏စိတ်ရင်းစေတနာ ကို အရိုးသားဆုံးနည်းဖြင့် ဖွင့်ဟပြောဆို လိုက်ပြန်တော့လည်း ‘မ’ မှာ စောစော က အပြစ်တင်မိသည်ကို အားနာရမလို ဖြစ်တော့သည်။ ကိုဘခက်၏ဘဝကို လည်း စိတ်ဝင်စားမိသည်။
လူတစ်ယောက်သည် သူ့ဘဝကို အဘယ်ကြောင့် ခုလို ဇာတ်မြှုပ်၍ထားရ သနည်း။
မိဘပတ်ဝန်းကျင် သံယောဇဉ်ကို ဖြတ်တောက်၍ ခုလို ဘာကြောင့် စွန့်ခွာ လာရသနည်း။ စသည်တို့ကို မီးခိုး ကြွက်လျှောက် လိုက်၍တွေးမိတော့ သည်။
‘မ’ ၏အဖြစ်ကို မသိသော ကိုဘခက် ကမူ သူပြောမိသောစကားအတွက် ‘မ’ ကိုပင် ဆက်၍တောင်းပန်လိုက်မိပြန် သည်။
“ကျွန်တော် ‘မ’ ကို ဒုတိယအကြိမ် အနှောင့်အယှက်ပေးမိပြန်ပြီ။ ‘မ’ ကို ကျွန်တော် ကတိတစ်ခုပေးပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်တော့ မှ မပြောတော့ပါဘူး”
“‘မ’ ကလည်း တောင်းပန်ပါတယ် ဆရာ။ ဆရာမကြိုက်တာကို နောက် မမေးတော့ပါဘူး။ အမှန်တော့ ဆရာရဲ့ နောက်ကြောင်းတွေကို ဆရာဘယ် လောက်စိတ်နာနေတယ်ဆိုတာ ‘မ’ သိပါ တယ်။ ဒါကြောင့်လည်း ဆရာ့ကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှမမေး တာပေါ့။ အမှန်တော့ဆရာ လောက ကြီးမှာ ကိုယ်စိတ်မချမ်းသာစေတဲ့အရာ မှန်သမျှ မတွေးတာပဲကောင်းတယ်”
“လောကကြီးမှာ လေးနက်ရှုပ်ထွေးတဲ့ အရာဟူသမျှကို မေ့ပျောက်နိုင်သူဟာ စိတ်အချမ်းသာဆုံးလူပဲတဲ့။ ‘မ’ ဒီစကား လေးကို တော်တော်ကြိုက်တယ်။ ဒါပေမဲ့ တစ်ခုထူးဆန်းတာက များသောအားဖြင့် စိတ်ညစ်တာကို မခံနိုင်တဲ့လူတွေဟာ ဒီစိတ်ညစ်မယ့်အကြောင်းကိုပဲ တွေးနေ ချင်ကြတဲ့သဘောက တော်တော်ဆန်း တယ်”
ကိုဘခက်သည် ‘မ’ ၏စကားများကို နားထောင်ရင်း ‘မ’ တွေးပုံများသည် မည်မျှနက်ရှိုင်းကြောင်း ရိပ်မိလိုက်သည်။ ကိုဘခက်သည် ‘မ’ ကို ငေးငိုင်ကြည့် နေရာမှ သက်ပြင်းတစ်ချက်မျှ မှုတ်ထုတ် လိုက်ရင်း သူ့ဆုံးဖြတ်ချက်ကို အခိုင် အမာ ပြုလိုက်လေသည်။
“ကျွန်တော် စိတ်ခိုင်ပါတယ်။ ဒီစကား ကို ခုမယုံပေမယ့် တစ်နေ့ကျတော့ ‘မ’ ယုံပါလိမ့်မယ်။ ကျွန်တော့်အတွက်ကို တော့ စိတ်ချစေချင်တယ်”
“ဆရာ့ကို ‘မ’ ယုံပါတယ်ဆရာ။ ဆရာ့ရဲ့ အတွင်းစိတ်ဓာတ်ဟာ ဘယ် အထိအောင် မာကျောတယ်ဆိုတာ ‘မ’ ရိပ်မိပါတယ်။ ဒါထက် ဆရာ၊ ‘မ’ တို့ ဂီတသင်ခန်းစာကို ဒီအပတ်ထဲမှာ ပြန်ဆက်ကြရအောင်”
‘မ’ စကားလွှဲလိုက်သလိုပင် ကိုဘခက် က အလိုက်သင့် ပြောင်း၍လိုက်လာ သည်။
‘မ’ သင်မယ့်နေ့ကိုပြောပါ။ ကျွန်တော် ကတော့ အသင့်ပဲ”
“ဟုတ်ကဲ့ .. ဆရာ ကျောင်းပိတ်တုန်း ဖိပြီး သင်ထားချင်တယ်။ ဆရာသင်နိုင် မယ်ဆိုရင် ပတ်ပျိုးလောက်အထိရောက် အောင် သင်ပေးပါဆရာ”
‘မ’ သည် ပြောပြောဆိုဆိုပင် ကိုဘခက် ၏အခန်းတွင်းမှ တစ်လှမ်းချင်း ထွက် သွားလေသည်။
ကိုဘခက်သည် ‘မ’၏ ပါးနပ်လိမ္မာ မှုကို မချီးကျူးဘဲ မနေနိုင်အောင် ရှိတော့သည်။
အမှန်ဆိုတော့လည်း ‘မ’ သည် ကိုဘခက်၏ ကျိုးနွံလိမ္မာလှသော တပည့် မလေးတစ်ယောက်ပင် မဟုတ်လော။
[ ၁ဝ ]
ကိုခင်မောင်ကြည်သည် အမေရိကား ပြည် ချီးမွမ်းခန်းကို မဆုံးနိုင်အောင် ပြောနေသောအခါ ‘မ’ မှာ နားငြီးလာ သလို ရှိတော့သည်။
အဆောက်အအုံတွေက မည်မျှကြီး မားကြောင်း သူတို့သင်ရသော ကျောင်း တော်ကြီး၏ ခမ်းနားပုံ၊ ကပွဲခန်းကြီး များမှာ ပျော်ရွှင်စရာကောင်းပုံ၊ မြန်မာ ထမင်းဟင်း စားချင်လှ၍ ဒုက္ခရောက်ပုံ စသည်တို့ကို ထပ်တလဲလဲ ပြောပြနေ သောအခါ ‘မ’ မှာ နားငြီး၍လာသည်။
‘မ’ ရန်ကုန်မရောက်ခင်ကမူ ရန်ကုန် မြို့ကြီး၏ ကြီးကျယ်စည်ကားပုံကို သူပြောလူပြောဖြင့် နားထောင်ရင်း အံ့သြရသည်။ ရောက်လိုစိတ်များ တဖွား ဖွားပေါ်လာရသည်။
နောက် ‘မ’ တို့ တစ်အိမ်လုံး ရန်ကုန်သို့ ပြောင်းလာသောအခါ၌လည်း နေရ ထိုင်ရသည်မှာ ဘာမျှထူးခြားသည်ဟု မထင်မိ။ အဆောက်အအုံများ ကြီးကျယ် ခမ်းနားသည်မှန်သော်လည်း ထိုအဆောက် အအုံများကိုပင် မော်ကြည့်နေရသူအဖို့ ကား ဘာမျှထူးခြားခြင်း ရှိပေမည်မဟုတ် ပေ။
‘မ’ သည် ဤသို့တွေးရင်း ကိုခင်မောင် ကြည်၏ အမေရိကားချီးမွမ်းခန်းကို စိတ်ဝင်စားခြင်း မရှိနိုင်တော့ပေ။
ကိုခင်မောင်ကြည်ကမူ သူတွေ့ကြုံ ခံစားခဲ့ရသမျှကို အားပါးတရ ပြောနေ တော့သည်။
ကိုခင်မောင်ကြည်ပြောသမျှကို ‘မ’ မှ အပ ကျန်အားလုံးကပင် တအံ့တသြ ငေးမောနားထောင်နေကြသည်။
ကိုခင်မောင်ကြည်က ဘယ်ကပွဲခန်းမ ကြီးက မည်မျှကြီးကျယ်သည်ဟု ဆိုလိုက်လျှင် မော်သည် ဆွေ့ဆွေ့ခုန် မတတ် အံ့သြကျေနပ်နေတော့သည်။
ဤအသိုက်ထဲတွင် ကိုခင်မောင်ကြည် သည် လူဖြစ်ကျိုးအနပ်ဆုံးလိုပင် ဖြစ်နေ တော့သည်။
မွန်ကမူ ကိုခင်မောင်ကြည်ပြောသော စကားကို နားထောင်ရင်း ဗစ်တာနှင့် သူတို့အစီအစဉ်ကိုသာ ဖြတ်၍ ဖြတ်၍ ပြောတတ်သည်။ မော်ကမူ တစ်ချက် တစ်ချက် သူ့စိတ်ထဲရှိသည့်အတိုင်း အော်၍ ကြုံးဝါးလိုက်သည်။
“မော်လည်း ရောက်အောင်သွားမယ် မာမီ၊ မော့်ကိုပို့ပေးနော်။ မော်လည်း မရောက် ရောက်အောင်သွားမယ်”
‘မ’ က မည်မျှပင် သည်းခံ၍နားထောင် နေသော်လည်း ကြာတော့ စိတ်ပျက်၍ လာသည်။
ကနေ့ည ကိုခင်မောင်ကြည်က ထမင်း စားဖိတ်၍ ကျွေးသော်လည်း ထမင်းစား ပွဲနှင့်မတူ။ အမေရိကားပြည်ကြီးကို ချီးမွမ်းဂုဏ်ပြုသောပွဲနှင့် တူနေတော့ သည်။
“ဒါဖြင့် သူတို့ဆီမှာလည်း ဆင်းရဲတဲ့ လူတွေ မရှိဘူးလား။ အဆောက်အအုံ ကောင်းကြီးတွေရှိပေမယ့် ‘မ’ တို့ဆီမှာ အခုဖျက်ပစ်လိုက်တဲ့ တဲပျက်တွေထဲမှာ နေရသလို နေရတဲ့လူတွေမရှိဘူးလား။ ကားကြီး ကားငယ် အသစ်အဆန်းတွေ ရှိပေမယ့် လမ်းဘေးမှာ လျှောက်နေရတဲ့ ပလက်ဖောင်းသမား မရှိဘူးလား”
‘မ’ ၏ အမေးကြောင့် ကိုခင်မောင် ကြည် အရှိန်ရပ်သွားသည်။ ဘာကို ဆက်၍ပြောရမှန်း မသိတော့ချေ။
“အို ... ‘မ’ ကလည်း ဘာတွေလျှောက် မေးနေတာလဲ”
မွန်က ကိုခင်မောင်ကြည်ကို အားနာ ဟန်ဖြင့် ‘မ’ ကို ဟန့်လိုက်လေသည်။
“မဟုတ်ပါဘူး၊ ကိုကိုကြည်ပြောသလို ဆိုရင် အမေရိကားပြည်ကြီးဟာ တကယ့် နိဗ္ဗာန်ဖြစ်နေလို့ပါ။ နိဗ္ဗာန်တိုင်းပြည် မရောက်သေးသမျှ ဘယ်တိုင်းပြည်ပဲ ဖြစ်ဖြစ် တစ်ဖက်က ကောင်းတာတွေရှိ သလောက် တစ်ဖက်က ဆိုးတာတွေ ရှိနေမှာပဲ”
ကိုခင်မောင်ကြည်သည် ကြောင်၍ နေရာမှ ချော်လဲရောထိုင်သည့် အနေဖြင့် ပြုံးလိုက်သည်။
အမှန်တော့လည်း သူပြောသောစကား မှာ အားလုံးအတွက် အသစ်အဆန်း ဖြစ်သည်။ ထို့ကြောင့်လည်း ကိုခင်မောင် ကြည်သည် သူ၏ အမေရိကားချီးမွမ်း ခန်းကို အာဝဇ္ဇန်းခပ်ရွှင်ရွှင်ဖြင့် ဖောက် သည်ချလိုက်မိသည်။
ထိုအထဲမှ ကိုခင်မောင်ကြည်သည် သူ၏စကားများကို ‘မ’ တစ်ယောက်အား အထူးစိတ်ဝင်စားစေလိုသည်။
သို့သော် အားလုံးစိတ်ဝင်စားသလောက် ‘မ’ တစ်ယောက်က ခုလိုဖောက်၍ မေး လိုက်သောအခါ ကိုခင်မောင်ကြည်မှာ ဘာကိုပင် ဆက်၍ပြောရမှန်းမသိအောင် ကြောင်၍သွားတော့သည်။
ကိုခင်မောင်ကြည်သည် ‘မ’ ကို မျက်နှာချိုသွေး၍ စကားလွှဲလိုက်သည်။
“‘မ’ က နိုင်ငံရေးဝိဇ္ဇာယူသလား၊ ဘောဂဗေဒယူသလား။ ဒါကြောင့် အမေရိကားလို ခေတ်ရှေ့ပြေးနေတဲ့ တိုင်းပြည်ကြီးကိုတောင် ဘောဂဗေဒ နည်းနဲ့ တွက်ကြည့်နေတာလား။ ဟုတ် လား”
“ဒါတွေနဲ့မဆိုင်ပါဘူး ကိုကိုကြည်။ စာရေးဆရာတစ်ယောက်ရေးတဲ့ အမေ ရိကားရောက် ဆောင်းပါးတွေကိုဖတ်လို့ သိတာပါ။ သူရေးတဲ့အတိုင်းဆိုရင် အမေရိကားပြည်မှာ ဝမ်းစာမပြည့်လို့ အလုပ်ရှာတဲ့လူတွေ ဒုနဲ့ဒေး။ သမ္မာ အာဇီဝနည်းနဲ့ အသက်မမွေးနိုင်လို့ မတော်တဲ့နည်းနဲ့ အသက်မွေးရတဲ့လူ တွေလည်း ဒုနဲ့ဒေးပဲတဲ့။ ပြီးတော့ တကယ် တမ်းကျတော့ မြန်မာပြည်လို ငွေရှာရ တာလည်း မလွယ်ကူဘူး။ အစားအစာ လည်း မပေါဘူးတဲ့။ အပေါ်ယံအဆောင် အယောင်တွေပဲရှိတယ်။ အတွင်းအနှစ် သာရက ဟောင်းလောင်းပဲတဲ့။ ဒါဟာ ဟုတ်ချင်ဟုတ်မှာပဲလို့ ‘မ’ တော့ ထင် တယ်လေ။ ဒါပေမဲ့ ကိုကိုကြည်တို့က ရောက်ဖူးတဲ့လူဆိုတော့ ပိုပြီးသိမှာပေါ့”
‘မ’ က သူပြောလိုရာပြောပြီးမှ နောက် ဆုံးတွင် စကားကို ပြန်၍အဆုံးသတ် လိုက်သည်။
ဆက်လက်ဖော်ပြပါမည်။