အောင်လင်း

 

တိတ်ဆိတ်သော ညဉ့်ဦးယံတွင် မှန်ရွှေပြတင်းမှ တစ်ကိုယ်တည်းရပ်ကာ မောင်တော်ကို  မျှော်ရရှာသော  လှိုင် မင်းသမီးလေးကို အလိုလိုမြင်လာမိသည်။

 

‘မ’ သည် လှိုင်မင်းသမီးလေးကဲ့သို့ နူးညံ့သိမ်မွေ့သူ ဖြစ်ပေလိမ့်မည်။

 

‘မ’ ၏ ဓာတ်ခံစိတ်မျိုးဖြင့် သည်လို ပတ်ဝန်းကျင်မျိုးတွင် ပျော်မွေ့နိုင်လိမ့် မည်ဟု မထင်ချေ။

 

‘မ’ က ကိုဘခက်ကို မေးလိုက်ခြင်းဖြစ် သော်လည်း ကိုဘခက်က ‘မ’ အကြောင်းကိုသာ စဉ်းစားနေမိသည်။

 

“ကျုပ် အခုစဉ်းစားနေတာ ယဉ်ကျေးတယ်ဆိုတာနဲ့ ရိုင်းစိုင်းတယ်ဆိုတာ ဘာလဲ။ ရှေးကျတယ်ဆိုတာနဲ့ ခေတ်ဆန် တယ်ဆိုတာ ဘာလဲ။ ဒါတွေဟာ ခဏပန်း လူတွေအသိမှာ ပေါ်လာတတ်တဲ့ အရာလေးတွေပဲ။ သိပ်တော့ မခိုင်မြဲဘူး ထင်တယ်”

 

‘မ’ သည် ကိုဘခက်ကို လှမ်း၍ကြည့် လိုက်သည်။

 

ကိုဘခက် ဆိုလိုသောအဓိပ္ပာယ်ကို လည်း နားလည်ဟန်မတူချေ။

 

“ဘာကိုပြောတာလဲ ဆရာ”

 

ခေတ်အနေနဲ့ပြောရင် ‘မ’ တို့ဆီမှာ လာနေကြတဲ့လူတွေဟာ လူယဉ်ကျေး တွေလို့ သူတို့ကိုယ်သူတို့ ထင်ကြတယ်။ ဒါပေမဲ့ တကယ်လိုက်ကြည့်ရင် ဒီလူ တွေမှာ ရိုင်းစိုင်းစိတ်တွေ အများကြီးရှိ တယ်။ ဥပမာ ကုလားတစ်ယောက်ကို ထမင်းဝိုင်းမှာ ဝက်သားအတင်းစား ခိုင်းရင်ဘယ်လိုသဘောထားရမလဲ။ မစားတဲ့လူက ရိုင်းသလား၊ ကျွေးတဲ့သူက ရိုင်းသလား။ သူတို့ရဲ့ ယဉ်ကျေးမှုအရဆိုရင် တစ်စုံတစ်ယောက်က ဒါလေးလုပ် ရအောင်ပါခင်ဗျာလို့ပြောရင် လက်ခံမှ ယဉ်ကျေးမယ်။ ဒါကို လက်မခံရင် လက်မခံတဲ့လူက ရိုင်းတာပဲ။ အမှန်တော့ ဒါဟာ ယဉ်ကျေးမှုမဟုတ်ပါဘူး။ အဓမ္မ ပြုတဲ့အမှုပဲ။ တစ်ယောက်က အနိုင်ကျင့်ရင် တစ်ယောက်က မကျေနပ်ဘဲ ဟန်ဆောင်ပြီး လိုက်လျောတာကို ယဉ်ကျေးတယ်လို့ခေါ်ကြတာပဲ”

 

ကိုဘခက်သည် ကောင်းကင်မှ ကြယ်ကလေးများကို မော့၍ကြည့်လိုက်ရင်း သူ့ထင်မြင်ချက်ကို သူ တစ်လုံးချင်းပြော လိုက်လေသည်။

 

‘မ’ ကမူ ကိုဘခက်ပြောလိုက်သော စကားကိုသာ လေးလေးနက်နက် စဉ်းစား နေမိသည်။

 

“‘မ’ အနောက်တိုင်းယဉ်ကျေးမှုကို မနှစ်သက်ပါဘူး ဆရာ”

 

“ကျုပ်ကတော့ အနောက်တိုင်းရယ်၊ အရှေ့တိုင်းရယ် မဆိုလိုပါဘူး။ ကောင်းမယ်၊ အကျိုးရှိမယ်ဆိုရင် လက်ခံပါတယ်။ ဒါပေမဲ့ တုပတာကိုတော့ မကြိုက်ဘူး။ ပြီးတော့လည်း ကိုယ့်ပင်ကိုဘဝနဲ့ မကိုက်ညီတာကို ဇွတ်မှိတ်ပြီးလုပ်တာ မျိုးကိုလည်း မကြိုက်ဘူး။ ဥပမာ သစ်ကျားငှက်နဲ့ မြေခွေးလိုပေါ့။ မြေခွေး က နှုတ်သီးရှည်တဲ့ သစ်ကျားငှက်ကို လင်ပန်းထဲမှာထည့်ပြီး အစာကျွေးတော့ သစ်ကျားငှက်ကလည်း မြေခွေးကိုဖိတ် ပြီး ဝါးကျည်တောက်လို ဇောက်နက်တဲ့ ခွက်နဲ့ ကျွေးသလိုပေါ့။ ဒီနေရာမှာ သစ်ကျားငှက်ရဲ့ တုံ့ပြန်လိုက်ပုံဟာ ဘယ်လောက်သဘာဝကျသလဲ။ ကိုယ့်သဘာဝနဲ့ မကိုက်ညီရင် လက်မခံရဘူး၊ မတုပရဘူးဆိုတဲ့သဘောကို ပြလိုက်တာပဲ။ ဒီလိုမှမဟုတ်ရင် လူတွေဟာ အရူးချည်းဖြစ်ကုန်မှာပဲ”

 

‘မ’ သည် ကိုဘခက်စကားကို နားထောင် ရင်း အံ့သြချီးကျူးရမလိုရှိတော့သည်။

 

ကိုဘခက်လို သာမန် ဂီတဆရာ တစ်ဦးက ခုလိုနက်နဲသောစကားကို ပြောလိုက်သောကြောင့်လည်း ပို၍အံ့ဩ မိလေသည်။ အမှန်တော့ ‘မ’ လိုပညာ တတ်တစ်ဦးက ကိုဘခက်လို ဂီတဆရာ တစ်ယောက်ကို ခုလို အတွေးအခေါ် ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

 

“ဆရာက အဘိဓမ္မာတွေ ဘာတွေ တော်တော်လိုက်စားတယ်ထင်တယ်”

 

ကိုဘခက်သည် ရုတ်တရက် ဘာမျှ ပြန်၍မပြောသေးဘဲ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ရှိသည်။

 

“အဘိဓမ္မာတွေ ဘာတွေရယ်လို့တော့ သေသေချာချာမဖတ်ဖူးပါဘူး။ ဒါပေမဲ့ အဘိဓမ္မာဆိုတာ ဘဝကနေလည်း ခံယူ လို့ရတာပါပဲ။ ကျုပ်ဘဝရဲ့ အဘိဓမ္မာဟာ ကျုပ်ရဲ့ဂီတပဲ။ နေပါဦး...ဂီတကို ခင်ဗျား ဘယ်လိုထင်တာလဲ”

 

‘မ’ သည် ရုတ်တရက် ပြန်၍မဖြေနိုင်အောင် ငေးနေမိသည်။ ကိုဘခက် လိုချင် သောအဖြေကိုလည်း စဉ်းစား၍မရနိုင် အောင်ရှိတော့သည်။

 

“ဂီတဆိုတာ စိတ်ရဲ့ခံစားမှုကို အေးမြ ကြည်နူးစေတဲ့အရာပဲလို့ ထင်တာပဲ”

 

ကိုဘခက်သည် နေရာမှထ၍ ‘မ’ အနားသို့ လျှောက်လာသည်။ ‘မ’ က လွှတ်ခနဲ စိတ်ထဲမှ ထင်ရာကို ဖြေလိုက် သော်လည်း ကိုဘခက်၏အမူအရာမှာ လေးနက်သောပြဿနာကို ဆွေးနွေးနေ သကဲ့သို့ ရှိတော့သည်။

 

“အပေါ်ယံတွေးရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ဂီတဟာ ဒါ့ထက်လေးနက်တယ်။ ဘိုးဗားဆိုတဲ့ ပညာရှိတစ်ယောက် ရေးတာကို ဖတ်ဖူးတယ်။ ကျုပ်တို့မှာ သဘာဝလိုလားချက် ပစ္စည်းလေးပါးရှိတယ်။ ပထမ အစားအစာ၊ ဒုတိယ အဝတ်အစား၊ တတိယ နေစရာဖြစ်ပြီး စတုတ္ထ ဂီတဖြစ်တယ်လို့ပြောတယ်။ ဒါကို ကျုပ်လက်ခံတယ်။ ဂီတဆိုတာ လူ့သဘာဝစိတ်က လိုလားတောင့်တ ချက်တစ်ရပ်ပဲဆိုတာ ထင်ရှားတယ်။

 

“ဒီတော့ လောကမှာ လူတွေနဲ့ ကင်းကွာမရတဲ့အရာမှန်သမျှ၊ လူတွေရဲ့ အကျိုးကိုပြုတဲ့အရာမှန်သမျှ ဝါဒ တရားပဲဖြစ်စေ၊ ဝိဇ္ဇာ သိပ္ပံပညာရပ်တွေပဲ ဖြစ်စေ မှန်ကန်တဲ့ အခြေခံအဘိဓမ္မာ ဆိုတာရှိရတယ်။ ဒါမှလည်း ခိုင်မာတယ်။ နက်နဲတယ်။ အမှန်တော့ အဘိဓမ္မာ ဆိုတာ အရာရာတိုင်းရဲ့အုတ်မြစ်ပဲ။ အုတ်မြစ်ခိုင်မှ အပေါ်မှ ကိုယ်တည် ဆောက်ချင်သလိုရမယ်။

 

“ဂီတဟာ ကျုပ်ရဲ့အဘိဓမ္မာပဲလို့ ပြောတာဟာ ဒီသဘောကြောင့်ပဲ။ ပြောင်မြောက်တဲ့ဂီတတိုင်းဟာ နှလုံး သားက တိုက်ရိုက်ရိုက်ခတ်လာတာပဲ။ လောကမှာ နှလုံးသားက ရိုက်ခတ် လာတဲ့အရာတွေဟာ တန်ဖိုးရှိတယ်။ နက်နဲတယ်၊ လွတ်လပ်တယ်၊ သန့်ရှင်း တယ်။ ကျုပ်ဘဝမှာ နက်နဲတာတွေ၊ ကန်ဖိုးရှိတာတွေ၊ ဖြူစင်တာတွေ၊ လွတ်လပ်တာတွေပဲ လုပ်ချင်တယ်။ ဒါကြောင့် ဂီတသမားဖြစ်ချင်တာပဲ”

 

ကိုဘခက်သည် စကားကိုဖြတ်လိုက် ရင်း ဆေးပေါ့လိပ်ကို မီးညှိ၍ ဖွာလိုက်သည်။‘မ’ သည် ကိုဘခက်အား လူထူးလူဆန်း တစ်ယောက်လို မော့၍ကြည့်နေမိသည်။ ကိုဘခက်ပြောသွားသော စကားများ ထဲမှ နားမလည်သောစကားလုံးများကို ပြန်၍တွေးနေမိသည်။

 

“နှလုံးသားဆိုတာ ဘာကိုတင်စားပြီး ပြောတာလဲဆရာ၊ အချစ်ကိုပြောတာ လား”

 

“ဟုတ်တယ်၊ ဒါပေမဲ့ မိန်းကလေး တစ်ယောက်ကို ချစ်တဲ့အချစ်ကိုပြောတာ မဟုတ်ဘူး။ ခံစားချက်ကိုပြောတာ။ လူဟာ ခံစားချက်၊ ယုံကြည်ချက်မရှိဘဲ လှုပ်ရှားနေရင် သေနေတာနဲ့အတူတူပဲ။ ခဏအားဖြင့် နစ်မျောယစ်မူးနေမယ် ဆိုပေမယ့် အမှန်တော့ ဖုတ်သက်ဝင်နေတာပဲ။

 

“ပဉ္စသီခနတ်သားဟာ သူရိယဝစ္ဆနတ် မယ်ရဲ့အလှကိုခံစားပြီး စောင်းချင်း ဂါထာဆယ့်ငါးပုဒ်ကို သီကုံးခဲ့တယ်။ ဒါကြောင့် သူ့ဂီတဟာ ပြောင်မြောက် ခဲ့တယ်။ ဒီလိုပဲ လက်ယာမင်းထင်ဟာ အဏ္ဏဝါမြစ်ပြင်ကြီးအလယ်က တံငါ သည်ကိုကြည့်ပြီး ခံစားရတဲ့အတိုင်း ယမုံနာပတ်ပျိုးကို စပ်ဆိုခဲ့တယ်။

 

“မောင်ကျောက်ခဲဟာ နန်းတွင်းသူရဲ့ အလှကိုခံစားပြီး သူ့ရဲ့ ကြေကွဲခံစား ရချက်အတိုင်း တိမ်ပုံတွေပတ်ပျိုးကို စပ်တယ်။ ဒီလိုပဲ မမြလေးတို့၊ လှိုင်တို့ သူတို့မောင်တော် ပေါ်မလာလို့ ရှစ်စုံရွက် ကြာ၊ ညဉ့်သုံးယံ စတဲ့ပတ်ပျိုးတွေ၊ ဘောလယ်တွေ စပ်ခဲ့ကြတယ်။ ဒီဂီတ တွေဟာ ဘာလို့ ပြောင်မြောက်ခဲ့သလဲ။ ခုတိုင် ဘာလို့ တည်နေကြသလဲ။ သူတို့ ဟာ သူတို့ခံစားချက်အတိုင်း မကွယ် ဝှက်ဘဲ၊ မလိမ်မညာဘဲ အနုပညာမြောက် အောင် ဖွဲ့ဆိုခဲ့ကြလို့ပဲ။ လောကမှာ ကိုယ့်ကိုယ်ကိုယ် ဖြစ်စေ၊ သူများကို ဖြစ်စေ မလိမ်ရဘူးဆိုတာ ကျုပ်ဝါဒပဲ။ အဲဒီလို မလိမ်တဲ့လူတွေကို ကျုပ်ချစ်တယ်၊ လိမ်တဲ့လူတွေကို ကျုပ်မုန်းတယ်”

 

ကိုဘခက်သည် စကားမဆုံးခင်ပင် တန်းလျားပေါ်သို့ ပြန်၍ထိုင်ချလိုက်သည်။

 

ပြီးမှ ဆေးပေါ့လိပ်ကို အားရပါးရ ရှိုက်ဖွာ၍နေသည်။ အိမ်ဘက်ဆီမှ အသံများကား စဲစပြုလာပြီ။ ညသည် တိတ်ဆိတ်လျက်ရှိလေသည်။

 

‘မ’ သည် အိမ်ဘက်ဆီသို့ကြည့်လိုက်ရင်း နေရာမှ အသာထလိုက်သည်။

 

ပြီးမှ ကိုဘခက်ထိုင်နေသောတန်းလျား နားသို့ ရပ်လိုက်ရင်း ...

 

“ဆရာ့ကို ‘မ’ကြောက်လာပြီ၊ ဆရာက နေရာတကာ သိပ်ပြီးနက်နက်နဲနဲ တွေးလွန်းတော့ စိတ်ပင်ပန်းတာပေါ့။ တစ်ခါတလေလည်း ကိုယ့်စိတ်ကို သက်သာအောင် ခပ်ပေါ့ပေါ့လေးနေမှပေါ့။ ‘မ’ တော့လေ လောကမှာ အေးအေးလူလူ နေပြီး စိတ်ချမ်းသာရမယ်ဆိုရင် တော်ပြီ၊ တခြား ဘာမှမတွေးချင်ဘူး”

 

ကိုဘခက်သည် ‘မ’ ပြောသောစကား များကို ဘာမျှပြန်၍မချေပတော့ချေ။

 

ဆေးလိပ်ကိုသာ တွင်တွင်ဖွာ၍ နေသည်။ ‘မ’ သည် ကိုဘခက်အား တစ်ချက်မျှကြည့်လိုက်ရင်း နှုတ်ဆက် လိုက်သည်။

 

“‘မ’ အိမ်ထဲဝင်တော့မယ် ဆရာ၊ လူတွေလည်း ရှင်းသွားပြီ”

 

ပြောပြောဆိုဆို ‘မ’ အိမ်ဘက်ဆီသို့ ပြန်မည်အပြုတွင် ကိုဘခက်၏စကားကြောင့် ခြေလှမ်းများပင် တုံ့သွားလေသည်။

 

“ဒါပေမဲ့ ‘မ’ ကို ကျုပ် တစ်ခုပြောချင် တယ်”

 

ကိုဘခက်သည် စကားကို ဖြတ်ထား လိုက်သည်။ ‘မ’ က ကိုဘခက်ပြော မည့်စကားကို ရပ်၍ စောင့်နေမိသည်။

 

“‘မ’ တို့အိမ်ကို လာတဲ့လူတွေထဲမှာ များသောအားဖြင့် လူလိမ်တွေချည်းပဲ။ ဒီအိမ်က တစ်ခုခုလိုချင်လို့ သူတို့ ခုလို လာပြီးဟန်ဆောင်နေတာပဲ။ ဒါ ကျုပ် ထင်တာလေ။ တကယ်တော့ ဒီကိစ္စတွေဟာ ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူး။ ဒါပေမဲ့ ကျုပ်ကြိုတင်သတိပေးတာကို ‘မ’ သဘောပေါက်ရင်တော့ ‘မ’ ဟာ အလိမ် ခံရမှာ မဟုတ်ပါဘူး။ ဒါပါပဲ။

 

‘မ’ သည် ကိုဘခက်ကို ဘာမှပြန်၍ မပြောတော့ချေ။ အိမ်ဆီသို့သာ တချိုး တည်း သုတ်ခဲ့လေသည်။

 

အမှန်တော့လည်း ကိုဘခက်၏စကား များသည် ‘မ’ စိတ်ကို မသိမသာ လွှမ်းမိုးသွားသည်ကို ‘မ’ ကိုယ်တိုင်ကလည်း သိချင်မှ သိပေလိမ့်မည်။

 

ဆက်လက်ဖော်ပြပါမည်။